မြန်မာစစ်တပ် ဖမ်းဆီးထားသည့် ကျောက်ဖြူနှင့် အမ်းမှ ဌာနဆိုင်ရာ ဝန်ထမ်းများအပါဝင်(၆)ဦး မိသားစုနှင့် အဆက်အသွယ်မရသေး

မြန်မာစစ်တပ် ဖမ်းဆီးထားသည့် ကျောက်ဖြူနှင့် အမ်းမှ ဌာနဆိုင်ရာ ဝန်ထမ်းများအပါဝင်(၆)ဦး မိသားစုနှင့် အဆက်အသွယ်မရသေး

မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ကျောက်ဖြူမြို့မှ တရားလွတ်တော်ရှေ့နေ တစ်ဦးအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း (၅)ဦးနှင့် အမ်းမြို့နယ် ညောင်ချောင်း အုပ်ချုပ်ရေးမှူးဟောင်းတို့မှာ လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်းမှ ဖမ်းဆီးခံရသူ(၅)ဦးမှာ အသက်(၄၄)နှစ်အရွယ် တရားလွှတ်တော် ရှေ့နေ ဦးဆန်းဝင်း၊ အသက်(၄၅)နှစ်အရွယ် ကျောက်ဖြူခရိုင်လဝကဒု-ဦးစီးမှူး ဒေါ်မကြည်၊ အသက် (၅၀)အရွယ် ရဲတပ်ကြပ်ကြီး ဦးမောင်မောင်အေး၊ အသက်(၃၆)နှစ်အရွယ် ဦးမျိုးဝင်းအောင်၊ ကျောက်ဖြူရေကြောင်းဦးစီးဌာနမှ အသက်(၄၀)အရွယ် ဦးထက်ဝေလင်းနှင့် အမ်းမြို့နယ် လုံးကောက်အုပ်စု၊ ညောင်ချောင်းကျေးရွာမှ အသက်(၄၅)နှစ်အရွယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်တင်မြင့်တို့ ဖြစ်ကြသည်။

ကျောက်ဖြူမြို့နယ်အတွင်းမှ ဝန်ထမ်း ၅ ဦးကို နိုဝင်ဘာလ(၁၃)ရက်နေ့က ကျောက်ဖြူမြို့အခြေစိုက် ခလရ(၃၄)မှ နေအိမ်နှင့် လုပ်ငန်းခွင်အတွင်း လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနှင့် တစုံတရာ အဆက်အသွယ်မရကြသေးကြောင်း သိရသည်။

 

ရှေ့နေ ဦးဆန်းဝင်းနှင့် နီးစပ်သူတစ်ဦးက “လဝကဝန်ထမ်းတွေကတော့ မြို့ပေါ်က မဟုတ်ဘူး။ နယ်ကလာပြီး တာဝန်ထမ်းဆောင်သူတွေ ဖြစ်ကြတယ်။ အခု အဲဒီလဝကဝန်ထမ်းတွေ၊ ရဲတွေ တစ်ယောက်မှ ပြန်မလွတ်သေးဘူး။ ဘယ်မှာထားတယ်ဆိုတာကိုလည်း မသိဘူးဖြစ်နေတယ်။ ကိုဆန်းဝင်း မိသားစုတွေလည်း သူနဲ့တွေ့ချင်လို့ စုံစမ်းနေကြတယ်”ဟု ပြောသည်။

ထို့အတူ အမ်းမြို့နယ် ညောင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးအောင်တင်မြင့်မှာလည်း နိုဝင်ဘာလ (၁၄)ရက် နံနက်က ကျေးရွာမှ အမ်းမြို့သို့ လာရာလမ်းတွင် ဖမ်းဆီးခံလိုက်ရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးကဆိုသည်။

“သူက မြို့ကိုတက်သွားတာ လမ်းမှာဖမ်းခံရတယ်လို့ ကလေးမတစ်ယောက်က ဖုန်းဆက်လာတယ်။ ဘာကြောင့်ဖမ်းတယ်၊ ဘယ်မှာထားတယ်ဆိုတာကိုလည်း မသိသေးဘူး”ဟု သူကဆိုသည်။

ထိုသို့ ကျောက်ဖြူနှင့် အမ်းမှ ဖမ်းဆီးခံထားရသူများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ထိုသို့ မြန်မာစစ်တပ်က ကျောက်ဖြူမြို့မှ ဝန်ထမ်းနှင့် ဒေသခံများကိုဖမ်းဆီးနေခြင်းကြောင့် မြို့ခံအများစုမှာ စိုးရိမ်မှုများ မြင့်တက်နေရသည်ဟုလည်း ကျောက်ဖြူမြို့ ရပ်မိရပ်ဖတစ်ဦးကဆိုသည်။

“စစ်တပ်က ဖမ်းတာကတော့ ဒီနှစ်လအတွင်းလောက်မှာ အယောက်(၃၀)လောက်တော့ ရှိမယ်။ သူတို့က အဲဒီလို မတရားဖမ်းဆီးနေတဲ့အတွက် မြို့သူမြို့သားများမှာလည်း စိုးရိမ်စိတ်တွေ တော်တော်များပြီး ကြောက်ရွံ့နေကြရတယ်။ တစ်ချို့ဆိုရင် တိမ်းရှောင်နေကြရတယ်”ဟု သူကဆိုသည်။

 

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာသည့် နောက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်ဖက်မှ ရခိုင်ဒေသခံ ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဝန်ထမ်းများကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးပြီး အမှုဖွင့် အရေးယူဆောင်ရွက်ခြင်းများ ရှိလာသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...