ရခိုင်တွင် ကုန်းလမ်း၊ရေလမ်းပိတ်ထားသဖြင့် ကျေးလက်ဒေသများတွင် ဆေးဝါးပြတ်တောက်မည့်အရေးနှင့် ကြုံနေရ

ရခိုင်တွင် ကုန်းလမ်း၊ရေလမ်းပိတ်ထားသဖြင့် ကျေးလက်ဒေသများတွင် ဆေးဝါးပြတ်တောက်မည့်အရေးနှင့် ကြုံနေရ
စစ်တွေမြို့ရှိ ဆေးဆိုင်ကြော်ငြာတစ်ခုအား တွေ့ရစဉ်။
စစ်တွေမြို့ရှိ ဆေးဆိုင်ကြော်ငြာတစ်ခုအား တွေ့ရစဉ်။

ရခိုင်ပြည်တွင်  စစ်ကောင်စီက ကုန်းလမ်း၊ရေလမ်းများကို ပိတ်ပင်ထားသဖြင့် မြို့တော်စစ်တွေသို့ သွားလာရေး ခက်ခဲသွား၍ ကျေးလက်ဒေသများတွင် ဆေးဝါးပစ္စည်းများ ပြတ်တောက်မည့်အရေးနှင့်ကြုံနေရကြောင်း တိုက်နယ်ဆရာဝန်များနှင့် ဒေသခံများက ပြောကြသည်။

ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦးနှင့် ပေါက်တော်မြို့နယ်တို့တွင် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများမှ လုံးဝမသွားရန်ပိတ်ဆို့ထားခြင်း၊ကန့်သတ်ထားခြင်းတို့ကြောင့် ထိုသို့သော အခြေအနေနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။

“ဆေးတွေပြတ်မှာကတော့ အနှေးနဲ့ အမြန်ပါပဲ။ သွားလို့လာလို့လည်း မရတော့ဘူး။ ရန်ကုန်-စစ်တွေကားလမ်းသတင်းတွေကလည်း ကြားတဲ့အတိုင်းပါပဲ။ ရခိုင်ပြည်မှာ ဆေးဝါးတွေထွက်တာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ဆေးဆိုင်လည်း ဘယ်လောက်ထိတောင့်ခံနိုင်မှာလဲ။ ခိုးကြောင်ခိုးဝှက်တင်ပြီး ရောင်းစားနေရပါတယ်။ တစ်ချို့ ဆေးလှောင်ထားတဲ့ ကုန်သည်တွေဆိုရင် စျေးတင်ပြီးပြန်ရောင်းကြတာတွေရှိတယ်"ဟု ကျောက်တော်မြို့နယ်၊ ကျေးရွာတစ်ရွာမှ ဆေးဝါးရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ကျန်ဆေးဝါးများဖြင့် အရေးပေါ်လူနာများကိုသာ ကုသပေးနေရကာ ကျန်လူနာများကို ကြည့်ရှု၍ မရတော့ကြောင်း၊ ယခုအခြေအနေတိုင်းဆိုပါက  နောက်နှစ်ပတ်လွန်လျှင် ဆေးဝါးများလုံးဝပြတ် လပ်သွားမည်ဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်၊ တိုက်နယ်ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ဦးက DMG ကိုပြောသည်။

“လမ်းကပိတ်ထားလို့ စစ်တွေလည်းသွားမရဘူး။ ပုဏ္ဏားကျွန်းလည်း သွားမရဘူး။ အခုက လူနာတွေအများကြီးကိုလည်း လက်ခံထားရမယ့် အနေအထားဖြစ်နေပါတယ်။ လက်ထဲမှာရှိတဲ့ ဆေးဝါးနဲ့ဆိုရင် အများဆုံး နှစ်ပတ်နီးပါးပဲ တောင့်ခံနိုင်မှာပါ။ ပြီးရင် လုံးဝပြတ်မှာပါ။ လတ်တလောမှာ အရေးပေါ်လူနာတွေကိုပဲ ကုပေးနေရတယ်။ ကျန်လူတွေကိုကြည့်လို့ အဆင်မပြေတော့ပါ။ ဆေးဝါးလုံလောက်ရင် လူနာတွေအများကြီးကို ကုပေးနိုင်ပါတယ်။ မရှိရင် ရှိတဲ့ဆေးနဲ့ ဆေးဝါးမကုန်ခင် အချိန်ထိပဲ ကူညီပေးနိုင်ပါလိမ့်မယ်"ဟု သူကပြောသည်။

ထို့ပြင် မင်းပြားမြို့နယ်၊ တိုက်နယ်ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ဦးကလည်း လက်ကျန်ဆေးဝါးများဖြင့်သာ အရေးပေါ်လူနာများကို ကုသပေးနေရကြောင်း ပြောဆိုသည်။

“ဆေးဝါးကတော့ လက်ကျန်တွေနဲ့ အတတ်နိုင်ဆုံး ကုသပေးနေကြပါတယ်။ အချိန်ဘယ်လောက်ထိ ခံမလဲဆိုတာတော့ အတိအကျ ခန့်မှန်းပြီးမပြောချင်ပါ။ လူနာတွေရဲ့ အခြေအနေတွေပေါ်မှာလည်း မူတည်ပါတယ်။ လူနာနည်းရင် နည်းသလောက်၊ များရင်များသလောက်ပါ"ဟု သူကပြောသည်။

ရခိုင်ပြည်အတွက် ဆေးဝါးပစ္စည်းများကို ရန်ကုန်က ဝယ်ယူရခြင်းဖြစ်သည်။ သို့ရာတွင် စက်တင်ဘာလမှ စတင် ကာ ကုန်းလမ်းမှ ဆေးဝါးတင်သွင်းခွင့်ကို ပိတ်ပင်လိုက်သဖြင့် စစ်တွေမြို့ရှိ ဆေးကုမ္ပဏီများ၊ ဆေးဝါးပစ္စည်း ရောင်းချသည့် ဆေးဆိုင်များအနေဖြင့်လည်း အခက်တွေ့နေကြသည်။

လက်ရှိတွင် လေယာဉ်တစ်ခုတည်းနှင့် အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ရရှိနေကြောင်း စစ်တွေမြို့မှ အမည်မဖော်လိုသည့် ဆေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက DMG သို့ပြောသည်။

“လောလောဆယ် ကျွန်တော်တို့ကတော့ လေယာဉ်နဲ့မှာနေပါတယ်။ ကုန်ခဲ့တဲ့ လကလည်း တစ်လမှာမှတစ်ခါ မှာယူကြတယ်။ ဒါပေမဲ့ အလုံအလောက်မှာလို့မရပါ။ သိန်း ၅၀ ဖိုး ဆေးတစ်ပုံးစာပေါ့။ အဲလောက်ပဲရပါတယ်။ နေ့တိုင်း သယ်ပို့လို့လည်းမရပါ။ စိုးရိမ်တာတစ်ခုက လေလမ်းကြောင်းနဲ့ မှာတာကိုသာ ပိတ်လိုက်ရင် လုံးဝ အခက်အခဲဖြစ်သွားပါလိမ့်မယ်။ မပိတ်ရင်တော့ ခံသာပါလိမ့်မယ်"ဟု သူကပြောသည်။

ယခင်က တခြားမြို့နယ်များသို့ ဆေးဝါးဖြန့်ဖြူးနိုင်ခဲ့သော်လည်း စစ်တွေမြို့အဝင်ရှိ တပ်ထိန်းဂိတ်ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ ပိတ်ပင်လိုက်သောကြောင့် ဆေးဝါးများဖြန့်ဖြူး၍ မရတော့ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောသည်။

“နယ်တွေကိုဖြန့်လို့လည်း အဆင်မပြေကြပါ။ စစ်တွေမြို့အထွက် တပ်ထိန်းဂိတ်ကို နိုဝင်ဘာ ၁၀ ကနေ ပိတ်လိုက်လို့ ပိုပြီးကျပ်သွားတာတွေရှိပါတယ်။ ဟိုဘက်နယ်တွေကို ဘယ်လိုမှ ပို့လည်းမရတော့ဘူးပေါ့။ အဲမတိုင်ခင်က နည်းနည်းပါးပါး တစ်ဖာစ၊ နှစ်ဖာစ ပို့ကြတာရှိပါတယ်။ တပ်ထိန်းဂိတ်တွေဖွင့်ပေးရင် အနည်းနဲ့အများတော့ အဆင်ပြေပါလိမ့်မယ်”ဟု သူကပြောသည်။

ဆေးဝါးများကို အလွယ်တကူသယ်ယူခွင့်ရရှိရန် ဒေသခံများလိုလားချက်နှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...