စစ်ကောင်စီ၏ လွတ်/ငြိမ်းတွင် ရခိုင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှ မပါဝင်

စစ်ကောင်စီ၏ လွတ်/ငြိမ်းတွင် ရခိုင်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှ မပါဝင်
စစ်တွေအကျဉ်းထောင်မှ နိုဝင်ဘာလ ၁၇ ရက်နေ့က လွတ်မြောက်လာသူများကိုတွေ့ရစဉ်။
စစ်တွေအကျဉ်းထောင်မှ နိုဝင်ဘာလ ၁၇ ရက်နေ့က လွတ်မြောက်လာသူများကိုတွေ့ရစဉ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ယခင်ကလွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူများနှင့် တခြားနိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးသော်လည်း ယခုတစ်ကြိမ်တွင် ရခိုင်ပြည်မှ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း သိရသည်။

အမျိုးသားနေ့ကို ဂုဏ်ပြု၍ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ နီးပါးကို စစ်ကောင်စီက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လွှတ်ပေးခဲ့သည်။ ယင်းသို့လွှတ်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၇၁ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား ၃၁ ဦး၊သံ တွဲအကျဉ်းထောင်မှ အကျဉ်းသား ၇၆ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ၁၆ ဦး၊ စုစုပေါင်း ၁၉၄ ဦးပါဝင်ကြောင်း ထောင်အာဏာပိုင်များထံမှ စုံစမ်းသိရှိရသည်။

“မနေ့ကအမျိုးသားနေ့နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ ရခိုင်ပြည်အကျဉ်းထောင်တွေကတော့ နိုင်ငံရေးအမှုနဲ့ အကျဉ်းကျနေတဲ့ အကျဥ်းသားတစ်ယောက်မှ မပါဘူး။ လွတ်တဲ့သူတွေက မူးယစ်ဆေးဝါးအမှုရယ်၊ ခိုးပြေး လုယက်အမှုတွေရယ်၊ မှောင်ရိပ်ခိုမှုတွေရယ် အဲဒါလောက်ပဲ”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက DMG သို့ပြောသည်။

အလားတူ သံတွဲဒေသခံတစ်ဦးကလည်း ၄င်းတို့မြို့ရှိ အကျဉ်းထောင်မှ လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မှ မပါဝင်ကြောင်း၊ မှောင်ရိပ်ခိုမှုနှင့် တခြားရာဇဝတ်မှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများသာ ပါဝင်ကြောင်း ပြောဆိုသည်။

 “သံတွဲကတော့ မှောင်ရိပ်ခိုမှုပုဒ်မ- ၆၁(ခ)နဲ့ အကျဉ်းသားတွေလွတ်တာပါ။ နိုင်ငံရေးအမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ကျတာသူတွေ မပါ ပါဘူး”ဟု ၄င်းကဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှ ၂၀၂၀ ခု၊နိုဝင်ဘာလ ပထမပတ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နားလည်မှုသဘောဖြင့် အပစ်ရပ်စဲခဲ့သည်။မြန်မာစစ်တပ်သည် အာဏာသိမ်းပြီး မကြာမီတွင် AA ကို အကြမ်းဖက်အဖွဲ့မှရုပ်သိမ်းခဲ့ကာ AA နှင့်ဆက်စပ်မှုဖြင့် အဖမ်းခံထားရသူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် လွှတ်ပေးလေ့ရှိခဲ့သည်။

ယခုတစ်ကြိမ်တွင် မလွှတ်ပေးခြင်းမှာ မြန်မာစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေမှုနှင့် သက်ဆိုင်လိမ့်မည်ဟု ရခိုင်နိုင်ငံရေးသမားများက သုံးသပ်ကြသည်။

“ULA/AA နဲ့သူတို့(စကစ)ကြားမှာက တွေ့ဆုံမှုတွေလည်းမရှိ၊ တစ်ယောက်နဲ့တစ်ယောက် သူသေ၊ကိုယ်သေ တိုက်နေကြတဲ့အချိန်မျိုးမှာတော့ ဓားစာခံဖြစ်နေတဲ့ ပြည်သူတွေကိုတော့ လောလောဆယ်လွှတ်ပေးမှာ မဟုတ်ဘူးလို့ထင်တယ်”ဟု ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက မှတ်ချက်ပြုသည်။

စစ်ကောင်စီသည် ယမန်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသားစုစုပေါင်း ၅၇၇၄ ဦးကို လွှတ်ပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရွှေညဝါဆရာတော်၊ စာရေးဆရာ မောင်သာချို၊ NLD ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးမျိုးညွန့်၊ ဦးကျော်ဟိုး စသူတို့ပါဝင်လာခဲ့သည်။ သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ လွတ်မြောက်ကြောင်း သိရသည်။

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...