ပလက်ဝသို့ ပစ္စည်းပို့ ဟွန်ဒါစက်လှေ ကုလားတန်မြစ်အတွင်း အပစ်ခံရ၍ ဒုံးမွတ်ဆလင်ရွာမှ စက်လှေသမားနှစ်ဦး ဒဏ်ရာရ

ပလက်ဝသို့ ပစ္စည်းပို့ ဟွန်ဒါစက်လှေ ကုလားတန်မြစ်အတွင်း အပစ်ခံရ၍ ဒုံးမွတ်ဆလင်ရွာမှ စက်လှေသမားနှစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ် ပလက်၀မြို့သို့ ပစ္စည်းအငှားပို့သည့် ဟွန်ဒါစက်လှေတစ်စီး ကျောက်တော်မြို့အလွန် ကုလားတန်မြစ်အတွင်းတွင် ယနေ့ နံနက်က အပစ်ခံရ၍ စက်လှေသမားနှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ပစ်ခတ်ခံရသည့် စက်လှေပေါ်တွင် ကျောက်တော်မြို့နယ် ဒုံး(မူဆလင်)ရွာမှ စက်လှေသမား ၃ ဦးပါဝင်ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု အနီးအနားရှိ လူနာများအား ကြည့်ရှုစောင့်ရှောက်ပေးခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

"ပလက်ဝက အမျိုးသမီး တစ်ယောက် သူတို့ကို ပစ္စည်းပို့ခိုင်းမယ်ဆိုပြီးငှါးတယ်။ ပို့ခိုင်းတာမှာတော့ ဘက်ထရီအိုးတော်တော်များများပါတယ်။ အဲဒီပစ္စည်းတွေကို လိုက်ပို့နေတုန်း ရုပ်သားရွာအရောက်မှာ အပစ်ခံလိုက်ရတာပါ။ တစ်ယောက်ကတော့ ပေါင်ထဲမှာကျည်ထိတယ်။ အခြားတစ်ယောက်ကတော့ နားထင်နားလျှပ်ထိလို့ သွေးထွက်နေတယ်။ သူကတော့လှေပေါ်မှာပဲ မှောက်လျက်ကျန်ခဲ့တယ်။ နောက်တစ်ယောက်ကတော့ ရေကူးပြီး ကမ်းကို ရောက်လာခဲ့တယ်" ဟုပြောသည်။

စက်လှေသမား ၃ ဦးတွင် မောင်နီရှား (၃၁)နှစ်၊ မောင်ရှရ် (၂၀)နှစ်တို့မှာ ဒဏ်ရာရရှိပြီး မောင်ဖော်ကာရှားဆိုသူမှာ အထိအခိုက်မရှိဘဲ ရေကူးလွတ်မြောက်လာသည်ဟု သိရသည်။

ဒဏ်ရာရရှိသွားသည့်အမျိုးသားနှစ်ဦးအနက် မောင်နီရှားတွင် ညာဖက်ပေါင်၌ ကျည်ထိမှန်သွားပြီး ရေထဲသို့  ကျသွားကာ ဒဏ်ရာဖြင့် ရေကူးကာ ကျောက်တော်သကြားစက်အနားသို့  ကမ်းသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ နားထင်နားတွင် ကျည်ရှပ်ထိမှန်ခဲ့သူ မောင်ရှရ်မှာမူ လှေဖြင့် ကမ်းကို ဆွဲခေါ်ယူခဲ့ရသည်ဟုသိရသည်။

၎င်းတို့အား ရုပ်သားရွာအနီးရှိ စစ်တပ်တပ်စွဲထားသော တပ်စခန်းနေရာမှ လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဒဏ်ရာရသွားသူ ၂ ဦးမှာ ကျောက်တော်မြို့ဆေးရုံသို့ ရောက်ရှိလာပြီ ဆေးကုသမှုခံယူနေကြောင်း၊ ဒဏ်ရာရသူများကို စစ်ကောင်စီတပ်က လာကြည့်ခဲ့ကြောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

သူတို့၏ ဒဏ်ရာများနှင့် ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ ရှိ မရှိကို သိရှိနိုင်ရန် ကျောက်တော်မြို့နယ် ဆေးရုံကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ယမန်နေ့နိုဝင်ဘာလ ၁၅ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က ကျောက်တော်မြို့နယ် ကန်စောက်တောင်အနီးရှိ ချောင်းတူကျေးရွာသို့ ကန်စောက်အခြေစိုက် စကစတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံသက်ကြီးပိုင်း ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သလို မောင်တောမြို့နယ် ဂြစ်ချောင်းရွာကိုလည်း ကြိမ်ချောင်းနယ်ခြားစောင့် စခန်းက လက်နက်ကြီးဖြင့်ပစ်၍ ကလေးငယ် ၂ ဦးအပါအဝင် ရွာသား ၁၁ ဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...