မိုးမောက်မြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအချို့က ကိုယ်ဝန်ဆောင်နှင့် မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုမရ

မိုးမောက်မြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအချို့က ကိုယ်ဝန်ဆောင်နှင့် မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုမရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအချို့က ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်တွေ၏ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာကြောင့် စိုးရိမ်နေကြရပါတယ်။

မိုးမောက်မြို့နယ်အတွင်းက ဝဝမ်၊ ခါနန်၊ လုံဂျာ၊ နောင်ပေါင်းကျေးရွာတွေ တစ်လျှောက်မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် ကျေးလက်ကျန်းမာရေး ဆေးခန်းတွေနဲ့ ပြင်ပဆေးခန်းတွေလည်း ပိတ်ထားတဲ့အတွက် ဖြစ်တယ်လို့ ဝဝမ်ဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အခုအန်တီတောင်မှ အားဆေးတွေကုန်နေတာ ကြာလှပြီ၊ မသွားယူဖြစ်ဘူးပေါ့နော်။ ဆေးရုံလည်း ပိတ်ထားတယ်ဆိုတော့ အဲဒီလိုမျိုးပေါ့။ အခုဆိုရင် ကိုယ့်ကလေး ကျန်းမာရေး မကောင်းမှာတွေ ကိုယ်ကျန်းမာရေးမကောင်းမှာကိုရော ပေါ့နော်။ အဲဒီလိုမျိုးတွေ စိုးရိမ်မိတာပေါ့” လို့ ဆိုပါတယ်။

အဲဒီကျေးရွာတွေမှာ တိုက်ပွဲ မကြာခဏဖြစ်ပွားတဲ့အတွက် ကိုယ်ဝန်အပ်ထားတဲ့ ဆေးခန်းက ဆရာဝန်တွေအနေနဲ့လည်း ဆေးခန်းတွေပိတ်ပြီး ပြန်သွားကြတယ်လို့လည်း ဆိုပါတယ်။

ဆေးတွေဝယ်ဖို့နဲ့ ကိုယ်ဝန်ပြသဖို့အတွက် မိုးမောက်မြို့နယ်ဆေးရုံကြီးကို သွားရမှာဖြစ်ပေမယ့် အခုချိန်မှာ လိုင်စင်မပါတဲ့ဆိုင်ကယ်နဲ့ ကားတွေဖမ်းဆီးနေတဲ့အတွက်ကြောင့်လည်း သွား/လာရေး အခက်အခဲ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။

ဒါအပြင်အဲဒီကျေးရွာတွေဘက်ကို စစ်ကောင်စီကနေ (၃)ရက်တစ်ကြိမ်လောက် ရွာအတွင်း လက်နက်ကြီး ပစ်ခတ်တာတွေတောတွေကြောင့် သွေးနုသားနုအချိန်မှာ မဖြစ်သင့်တဲ့ အခြေအနေတွေကို ဖြစ်လာမှာကိုလည်း စိုးရိမ်နေတယ်လို့ ကလေးမွေးပြီး (၂) ပတ်အတွင်း ကျေးရွာကနေထွက်ပြေးခဲ့ရတဲ့ မိခင်တစ်ဦးက အခုလိုပြောပါတယ်။

“ဟိုတစ်လောက်က ကျွန်မကလေးမွေးတဲ့အချိန် ကျွန်မတို့သားအမိတွေ မီးတွင်းရက်မစေ့ခင်မှာ တိုက်ပွဲဖြစ်လို့ လေယာဉ်နဲ့ အရမ်းလာပစ်တဲ့အတွက် ကျွန်မက အရမ်းကြောက်လန်ပြီး ကျွန်မရဲ့ခွန်အားကိုတောင် ကျွန်မ မနည်းအားတင်းယူခဲ့ရတယ်။” လို့ ပြောပါတယ်။

ကလေးမီးဖွားခါနီး အချိန်မှာ တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး တိုက်ပွဲခဏငြိမ်သွားတဲ့အတွက် ရွာအတွင်း ပြန်လာပြီး ကလေးမွေးခဲ့တဲ့အချိန် တိုက်ပွဲပြန်ဖြစ်လာလို့ ဒုတိယအကြိမ် မီးတွင်းရက်မစေ့ခင် ထွက်ပြေးခဲ့ရတယ်လို့ ကလေးမွေးထားတဲ့ နောက်ထပ် မိခင်တစ်ဦးကလည်း ဆိုပါတယ်။

မိုးမောက်မြို့နယ်အတွင်းက ဝဝမ်၊ ခါနန်၊ လုံဂျာ၊ နောင်ပေါင်းကျေးရွာတစ်လျှောက်မှာ အောက်တိုဘာ (၂၁) ရက်ကစပြီး စစ်ကောင်စီစစ်ကြောင်းတွေ ရွာအတွင်းဝင်ရောက်လာပြီးတော့ (၂၂) ရက်နေ့ကစပြီး KIA တပ်ရင်း (၁၅) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် အဲဒီကျေးရွာက ဒေသခံပြည်သူတွေ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ ကြရတာဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ (၁၃) ရက်မှာ ရွှေကူမြို့၊ မြို့ကုန်းတိုက်နယ်၊ စည်တော်ကျေးရွာမှာ မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦိးနေတဲ့ နေအိမ်အနီးမှာ စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကျခဲ့လို့ အဲဒီအမျိုးသမီး သွေးလန့်ပြီး ဆုံးပါးသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ပုံဟောင်းဖြစ်ပါသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...