မြန်မာစစ်တပ်က သံတွဲဒေသခံ ၅ ဦးကို ဖမ်းဆီးထား

မြန်မာစစ်တပ်က သံတွဲဒေသခံ ၅ ဦးကို ဖမ်းဆီးထား

ရခိုင်ပြည်၊သံတွဲမြို့နယ်မှ ဒေသခံ ငါးဦးကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးသွားပြီး လက်ရှိ အချိန်ထိ ၄င်းတို့နှင့်တွေ့ခွင့်မရသေးဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူများမှာ သံတွဲမြို့နယ်၊ဥယာဥ်ပြင်ရွာ ဦးချီးလူးအောင်(၄၈ နှစ်)၊ ဦးအောင်သန်းထွန်း (၄၀ နှစ်)၊ ဦးဖြိုးဝင်းဇော်(၃၀ နှစ်)၊ ကျောက်ကြီးပြင်ကျေးရွာမှ ဦးကျော်ဟိန်း (၃၉ နှစ်)နှင့် ဗောဓိကုန်းရပ်ကွက်မှ ဦးထင်လင်းကျော်တို့ဖြစ်သည်။

၄င်းတို့ကို ငပလီအခြေစိုက် ခမရ ၅၆၆ တပ်မှ စစ်သားများက စစ်ဆေးစရာရှိသည်ဟုဆိုကာဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရကြောင်း ဦးအောင်သန်းထွန်း၏ မိသား စုဝင်တစ်ဦးက ပြောသည်။

"သူတို့ မိသားစုတွေနဲ့တော့ တွေ့ခွင့်လည်း မရသေးဘူး။ ပြန်လွှတ်ပေးတာလည်း မရှိသေးဘူး။စစ်ဆေးစရာရှိလို့ ဆိုပြီး ဒီမှာကင်းအမြဲ လာလှည့် နေတဲ့( ၅၆၆) တပ်ကခေါ်သွားတာ ။ အခုအချိန်ထိ ပြန်မလွတ်လာသေးတော့ စိုးရိမ်တာပေါ့"ဟု သူကဆိုသည်။

လက်ရှိတွင် သံတွဲမြို့နယ်တွင် မြန်မာစစ်တပ်က အဖမ်းအဆီးကြမ်းနေသောကြောင့် လူမှုရေးလုပ်ငန်းလုပ်ကိုင် နေသူများပင် အိမ်ထဲမှအိမ်ပြင်သို့မထွက်ရဲသည့်အခြေအနေရှိနေကြောင်း သံတွဲမြို့ခံ တစ်ဦးက ပြောသည်။

“သံတွဲမှာက အဖမ်းအဆီးက တော်တော်ဆိုးနေတယ်။ ဘာကြောင့် ဖမ်းမှန်းကိုလည်း မသိဘူး။ လူမှုရေး လုပ်ငန်း လုပ်သူ အချို့ဆိုရင် မြို့မှာတောင် မနေရဲကတော့ဘူး ။ အကုန်ထွက်ပြေး နေကြရတယ်”ဟု သူကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် မြန်မာစစ်တပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိခဲ့ပါ။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတကျော့ပြန်ဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်သည် ဒေသခံများကို ဆက်တိုက်ဖမ်းဆီးလျက်ရှိသည်။

Most read this week

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...