မောင်တောဒေသတွင် ဆန်နှင့်ကုန်စျေးနှုန်းများ မြင့်တက်နေသောကြောင့် ပြည်သူများဒုက္ခရောက်

မောင်တောဒေသတွင် ဆန်နှင့်ကုန်စျေးနှုန်းများ မြင့်တက်နေသောကြောင့် ပြည်သူများဒုက္ခရောက်

မြန်မာစစ်တပ်က ကုန်းလမ်း၊ရေလမ်းကို တင်းကျပ်စွာပိတ်ဆို့ထားပြီးနောက် ရခိုင်ပြည်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် ဆန်၊စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ အဆမတန်စျေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်များတွင် ပြီးခဲ့သည့် အောက်တိုဘာလတွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေ ၈ သောင်းခွဲကျပ် ရှိခဲ့ရာမှ လက်ရှိတွင် ငွေ ၁၅၀၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လျက်ရှိသည်။ ဧည့်မထဆန်ဆိုလျှင်လည်း တစ်အိပ်လျှင် ငွေကျပ် ၅ သောင်းကျော်ရှိခဲ့ရာမှ ငွေကျပ် ရှစ်သောင်းကျော်အထိ မြင့်တက်လာသည်ဟု ဒေသခံများထံက သိရသည်။

“ဆန်စျေးနှုန်းတွေက တအားတက်နေပါတယ်။  အဲလောက်တက်နေရင် ပြည်သူလူထုကလည်း စားရေး  သောက်ရေး အခက်အခဲတွေ ဘယ်လိုဖြစ်နေမလဲ စဉ်းစားကြည့်ပါလေ။ အသွားအလာကလည်း ကန့်သတ် ထားတယ်ဆိုတော့ တစ်ရွာမှာမရှိလို့ တခြားတစ်ရွာကို သွားဝယ်မယ်ဆိုရင်တောင် အခက်အခဲနဲ့ ကြုံနေရပါတယ်"ဟု မောင်တောဒေသခံ  ဦးခင်မောင်ကပြောသည်။

ထို့ပြင် ဆီသန့်တစ်လီတာလျှင်လည်း ယခင်က ငွေကျပ် ၅၀၀၀ ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ၇၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်နေသည်။ ဓာတ်ဆီတစ်လီတာလျှင်လည်း ယခင်ရက်ပိုင်းက ငွေကျပ် ၄၀၀၀ ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၅၀၀၀ အထိစျေးနှုန်းမြင့်တက်နေကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“ထမင်း၊ ဟင်း၊ ငါးဆိုတာက မစားလို့မဖြစ်ပါ။ တခြားဟာတွေ မစားရင်လည်း ရပါတယ်။ ဆန်၊ ဆီ၊ ကြက်သွန်တွေ စျေးမတက်ဖို့ လိုပါတယ်။ ကိုယ့်ပြည်ကထွက်တဲ့ ပစ္စည်းတွေကအစ စျေးတက်နေလို့ အဆင်မပြေပါ။ ဝန်ထမ်းတွေတောင်မှ ဒီလိုခက်ခဲနေရရင် လက်လုပ်လက်စားတွေဆိုရင် စဉ်းစားကြည့်ပါ။ သူတို့ ပိုပြီးခက်ခဲပါ လိမ့်မယ်"ဟု ဘူးသီးတောင်မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

မြန်မာစစ်တပ်သည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်စသည့်မြို့နယ်များကို ကုန်းလမ်း၊ရေလမ်းမှ သွားလာခွင့် ပိတ်ဆို့ထားသောကြောင့် အဆိုပါဒေသတွင်းတွင် ကုန်စည်ပြတ်တောက်မည့်အရေးနှင့်ရင်ဆိုင်နေရသည်။ ထို့ပြင် လက်ကျန်ကုန်ပစ္စည်းများမှာလည်း စျေးနှုန်းအဆမတန်မြင့်တက်နေသောကြောင့် ဒေသခံများအခက်တွေ့ နေရခြင်းဖြစ်သည်။

“လူတိုင်းခက်ခဲကြပါတယ်။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ လူတွေဆို ပိုဆိုးပါတယ်။ နေ့တိုင်း အဲဒီစားဝတ်နေရေးကိစ္စကိုပဲ ဦးတည်ပြီး ဖြေရှင်းနေကြရပါတယ်။ အရင်ကနဲ့စာရင် ပစ္စည်းတွေက အကုန်စျေးတက်လာတော့ လူတိုင်းကြုံရပါတယ်၊ အဲဒီအခက်အခဲတွေကို။ လမ်းဖွင့်ပေးရင် လူတိုင်းလည်း  ပိုပြီးအဆင်ပြေကြမယ်။ ကုန်စျေးနှုန်းတွေလည်း ငြိမ်လာပါလိမ့်မယ်"ဟု မောင်တောမြို့ပေါ်မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေ-ဘူးသီးတောင်-မောင်တော ကုန်းလမ်း၊ရေလမ်းကို ပြီးခဲ့သည့် သြဂုတ်လကပင် မြန်မာစစ်တပ်က ပိတ်ထားခြင်းဖြစ်ကာ ထိုလမ်းများဖွင့်ပေးရန်အတွက် ရခိုင်အမျိုးသားပါတီ(ANP)က ပြည်နယ်စစ်ကောင်စီထံ တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမတွေ့ရသေးပေ။

“ဒီလိုစျေးနှုန်းတွေ တက်နေတာက ရှိသမျှလမ်းတွေ အကုန်ပိတ်ထားလို့ ထင်ပါတယ်။ လမ်းတွေကို ဖွင့်ပေးစေချင်ပါတယ်။ ကုန်းလမ်း၊ ရေလမ်း နှစ်ခုစလုံးဖွင့်ရင် ဒီလောက်ထိ အခြေအနေဆိုးမှာ မဟုတ်ပါဘူး။ လမ်းပိတ် ထားလို့ ကုန်စျေးနှုန်းတွေ မငြိမ်ဖြစ်နေတာထင်ပါတယ်"ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...