ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင် ၄၀၀၀ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီများလိုအပ်နေ

ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင် ၄၀၀၀ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီများလိုအပ်နေ

နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအချို့ကို စစ်ကောင်စီ စစ်ကြောင်းများမှ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်မှု၊  ရဟတ်ယာဉ်အပါအဝင် ဒရုန်းများဖြင့် ပစ်ခတ်မှု၊ စစ်ကောင်စီ စခန်းများမှာ လက်နက်ကြီးများဖြင့် တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများကြောင့် ရွာသား ၄၀၀၀ ကျော်ခန့်မှာ ခိုကိုးရာမဲ့ဘ၀ဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပြီး လက်ရှိတွင် သူတို့အတွက်  အရေးပေါ် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

ထွက်ပြေးနေကြရသည့် ကျေးရွာသားအများစုသည် ပုဏ္ဏားကျွန်းမြို့နယ်မှ ဆင်အင်းကြီး၊ ပဒေသာ၊ ကျော်ဇံ၊ ကျွဲထိုး၊ တန်းခိုး၊ တန်းစွယ်၊ သင်ပုန်းတန်း၊ ယာချောင်း၊ ငှက်ကြီးကျွန်း၊ အလယ်ကျွန်း၊ ရေပေါက်ချောင်း၊ နတ်ဆိပ်၊ အိုင်ဒင်ကျေးရွာနှင့် အခြားစသည့်ကျေးရွာအများအပြားတို့မှ ဖြစ်ကြသည်။

၎င်းရွာများမှ ဒေသခံ ၄၀၀၀ ကျော်ခန့်သည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ နီးစပ်ရာဘေးလွှတ်မည့် ကျေးရွာများ၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းအချို့နှင့် ရသေ့တောင်မြို့နယ်၊ စစ်တွေမြို့နယ် များသို့လည်း ယာယီစစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

မြန်မာစစ်ကောင်စီတပ်သားများသည် ကျေးရွာများကို လက်နက်ကြီးများပစ်ခတ်သည်သာမက ကျေးရွာသားများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းများကြောင့် ကြောက်လန့်ပြီး အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနှင့် ထွက်ပြေးလာကြရသူများဖြစ်သဖြင့် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများအပြင် အဝတ်အထည်၊ စောင်၊ ဖျာ၊ မိုးကာအစများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးမှ မိန့်ကြားသည်။



ဓာတ်ပုံ- facebook ပို့စ်များမှ ကူးယူဖော်ပြသည်။ Credit မူရင် တင်သူများ

"အဓိက စားရေးသောက်ရေးလိုအပ်ပါတယ်။ အဝတ်အင်္ကျီတွေ၊ အနွေးထည်တွေလည်း လိုအပ်ပါတယ်။ အခုစားသောက်နေတာကတော့ ကိုယ်တော်တို့ကျောင်းက အစီအစဉ်နဲ့ ကိုယ်တော်တို့ကျွေးထားပါတယ်။ ဒီနေ့အလှူရှင်တွေဆီကတော့ တစ်ရက်စာနှစ်ရက်စာ ဟင်းတွေရောက်နေတာတော့ရှိတယ်။ ဒီထက်ပိုပြီးတော့ မရှိတော့ပါဘူး။ နောက်ထပ်လာပြီးတော့ လှူကြရင် ပိုအဆင်ပြေပါမယ်" ဟု မိန့်သည်။

ထို့အပြင် ယခုအခါ ရခိုင်တွင် ဆောင်းရာသီဝင်စပြုနေပြီဖြစ်၍ အအေးဓာတ်ဝင်လာပြီဖြစ်သဖြင့် အနွေးထည်နှင့် စောင်များလည်း လိုအပ်လာနေပြီဖြစ်သလို စစ်ဘေးရှောင်လူဦးရေအများအပြား သောက်သုံးနိုင်ရန်အတွက်လည်း သောက်ရေ အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိတွင် စစ်တွေနှင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစရှိသည့်မြို့များနှင့် ကားလမ်း၊ ရေကြောင်းလမ်းများကို စစ်ကောင်စီမှ ပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင်များကို သွားရောက်ကူညီရေး ကိစ္စများလုပ်ဆောင်ရန်လည်း အခက်အခဲများဖြစ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

"လမ်းကြောင်းတွေက လုံးဝသွားလို့ကိုမရသေးပါဘူး။ ကျနော်တို့က ပစ္စည်းတွေကို စုထားတယ်။ ကိုယ်တို့ သွားလို့ရတဲ့နေရာတွေကို သွားပေးတယ်။ အဲဒီလောက်ပဲ လုပ်ပေးနိုင်ပါတယ်။ ကားတွေအားလုံးက ပိတ်ထားတော့ အဲဒီဘက်မှာ ရိက္ခာဝယ်ယူရတာတွေလည်း ခက်ခဲတာတွေရှိပါတယ်။ လူသားချင်စာနာတဲ့အနေနဲ့ စကစက ကူညီရေးလမ်းကြောင်းတွေကို ဖွင့်ပေးဖို့လိုပါတယ်။ နောက်ပြီး တခြားမြို့နယ်တွေမှာရှိတဲ့သူတွေအနေနဲ့လည်း ဒီဖက်ကိုအလေးထားပြီး ကူညီပေးဖို့လိုပါတယ်" ဟုပြောသည်။

လက်ရှိစစ်ဘေးရှောင်လာကြသည့် ဒေသခံ ၄၀၀၀ ကျော်အထဲတွင် မွေးကင်းစကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း အများအပြား ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၇ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာနှင့် ပဒေသာကျေးရွာအကြားရှိ ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင်ကားအချို့ကို ရက္ခိုင့်တပ်တော်(အေအေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့်  တစ်စီးထိမှန်ကာ စစ်သားအများအပြား သေဆုံးထိခိုက်မှုရှိခဲ့ပြီးနောက်တွင် စစ်တပ်က လူနေကျေးရွာများ အနီးဝန်းကျင်ကို လက်နက်ကြီးများ ပစ်ခတ်မှုခြင်း၊ ကျေးရွာသားများကို သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်မှ ယမန်နေ့နိုဝင်ဘာလ ၁၃ ရက်အထိ စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးများ၊ ဒရုန်းများ၊ စစ်ရဟတ်ယာဉ်များမှ ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...