စစ်ကောင်စီတပ်က လေကြောင်းဖြင့် ကျေးရွာများကို ပစ်ခတ်နေ၍ ပုဏ္ဏားကျွန်း အိုင်ဒင်ရွာမှ ဆယ်တန်းကျောင်းသား ၁ ဦးနှင့် အဖွားတစ်ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကောင်စီတပ်က လေကြောင်းဖြင့် ကျေးရွာများကို ပစ်ခတ်နေ၍ ပုဏ္ဏားကျွန်း အိုင်ဒင်ရွာမှ ဆယ်တန်းကျောင်းသား ၁ ဦးနှင့် အဖွားတစ်ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီးက ကျေးရွာများကို လေကြောင်းကနေ ပစ်ခတ်နေ၍ အိုင်ဒင်ရွာမှ ဆယ်တန်းကျောင်းသား ၁ ဦးနှင့် အဖွားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိသွားသူများမှာ အိုင်ဒင်ကျေးရွာမှ ဦးမောင်စောသိန်း၏သား ဆယ်တန်းကျောင်းသား မောင်စိုးဝင်းဦး (၁၅ နှစ်)နှင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ကြသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၇ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် စစ်ကားတစ်စီး မိုင်းဆွဲခံရပြီးနောက် ကျေးရွာများအနီးဝန်းကျင်ကို စစ်ကောင်စီက စစ်ရဟတ်ယာဉ် အသုံးပြုကာ လာရောက် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုကို ခံနေရသည့်ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပဒေသာ၊ အထုပ်သည်၊ ဆင်အင်းကြီး၊ အိုင်ဒင်နှင့် အလယ်ချောင်းကျွန်းကျေးရွာအုပ်စုများ ကျေးရွာအချို့တို့ဖြစ်ကြောင်း သိရသည်။

ယင်းသို့ပစ်ခတ်ခံရမှုကြောင့် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်ဟု အိုင်ဒင်ရွာသားတစ်ဦးက ပြောသည်။

"ယောက်ျားလေးမှာက ခြေထောက်မှာ ဒဏ်ရာပြင်းပါတယ်။ အမျိုးသမီးမှာတော့ ခါးဆစ်မှာ ထိပါတယ်။ သူကတော့ ဒဏ်ရာမပြင်းဘူး"ဟု ပြောသည်။

လက်ရှိတွင် သူတို့နှစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ရန်ပြင်ဆင်နေကြသည်ဟု ဆိုသည်။

ယခုပစ်ခတ်ခံနေရသည့်ကျေးရွာများ အနီးဝန်းကျင်ကို စစ်ရဟတ်ယာဉ်အပြင် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်နှင့် စစ်တွေအခြေစိုက် ၃၄၄ တပ်ရင်းတို့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ပစ်ခတ်နေမှုများကြောင့် ကျေးရွာအတွင်းရှိ ဒေသခံများမှာလည်း နီးစပ်ရာ ဘေးလွတ်ရာသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါပစ်ခတ်မှုများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် လမ်းသွား၊ လမ်းလာများ နည်းပါးနေပြီး အသွားအလာပိတ်ထားကြောင်း ခရီးသည်များက ပြောသည်။

ယနေ့နံနက် ၇ နာရီကျော်ခန့်က၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ရိက္ခာတင်ဆောင်လာသည့် စစ်ကားများကို  ရက္ခိုင့်တပ်တော်(အေအေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့်  တစ်စီးထိမှန်ကာ စစ်သားအများအပြား သေဆုံးထိခိုက်မှုရှိခဲ့ပြီးနောက်တွင် စစ်တပ်က လူနေကျေးရွာများ အနီးဝန်းကျင်ကို လက်နက်ကြီးများ ပစ်ခတ်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...