ဖားကန့်မြို့နယ်မှ ကျေးရွာတစ်ခုတွင် ပြည်သူ့စစ်များအနေဖြင့် ရွာအတွင်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည့်အပြင် ကားဖြင့်လှည့်ပတ် အင်အားပြနေဟုဆို

ဖားကန့်မြို့နယ်မှ ကျေးရွာတစ်ခုတွင် ပြည်သူ့စစ်များအနေဖြင့် ရွာအတွင်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည့်အပြင် ကားဖြင့်လှည့်ပတ် အင်အားပြနေဟုဆို
ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ လူမှုကွန်ရက် စာမျက်နှာ
ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ လူမှုကွန်ရက် စာမျက်နှာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာက ပြည်သူ့စစ် စစ်သားတွေဟာ ရွာအတွင်း မကြာခဏ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတဲ့အပြင် အင်အားပြတဲ့အနေနဲ့ ကားနဲ့ လှည့်ပတ်သွားလာတာတွေ ရှိနေတယ်လို့ သိရပါတယ်။

သတင်းတစ်စုံတရာ ရရှိမှုအပေါ်မူတည်ပြီး စစ်ဆေးမေးမြန်းတာတွေအပြင် တစ်လကို (၄)ကြိမ်ထက်မနည်း ရွာအတွင်း ကားနဲ့လှည့်ပတ်သွားလာတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“သူတို့အနေနဲ့ သတင်းရတယ်ဆိုပြီး စစ်ဆေး မေးမြန်းတာတွေ ရှိတယ်။ တစ်ခါတလေ မနက် စောစော၊ ညနေ၊ ည(၇)နာရီ၊ (၈)နာရီ စစ်ဆေးတာတွေ ရှိတယ်။ တစ်ခါတလေ အင်အားပြတဲ့သဘောအနေနဲ့ ကားအကြီးနဲ့ ရွာအတွင်း ပတ်တာတွေ ရှိတယ်။ ”လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိ ပြည်သူ့စစ်တွေရဲ့ တပ်စခန်းမှာ လူအင်အားဖြည့်တင်းတာတွေ တပ်စခန်း ပိုမိုခိုင်ခံ့အောင် ပြုလုပ်လာတာတွေ မြင်တွေ့နေရတယ်လို့လည်း ဆိုပါတယ်။

အဲဒီ တပ်စခန်းကနေ ဒရုန်းတွေ လွှတ်ပြီး ကြည့်တာတွေ၊ ရွာအတွင်း သွားလာလှုပ်ရှားတာတွေကြောင့် စံပြ၊ အောင်ရာကျေးရွာနေ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

“သူတို့ လုပ်ချင်သလို လုပ်နေကြတာ။ ရွာအတွင်း ကားမှာ လူအပြည့်နဲ့ သွားလာနေကြတာာ သူတို့ ဒရုန်းနဲ့ကြည့်ပြီး မသင်္ကာတဲ့ နေရာကို ပစ် အဲဒီလို လုပ်နေကြတယ်”လို့ ဒေသခံက ဆိုပါတယ်။

အဲဒီတပ်စခန်းဘက် ဒေသခံတွေ သွားလာဖို့ ခက်ခဲတာကြောင့် လူအင်အား ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။

အထက်ပါ စံပြပြည်သူ့စစ် တပ်စခန်းကုန်းဘက် ကနေ လက်နက်ကြီး ပစ်သံတွေ နေ့စဉ်ကြားနေရပြီး ရွာနဲ့ နီးတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

စံပြပြည်သူ့စစ် တပ်စခန်းဟာ ၂၀၁၆-၁၇ ခုနှစ်ကနေ စတင်အခြေချလာတာဖြစ်ပြီး ၂၀၂၀ခုနှစ်အရောက်မှာ အင်အား များလာတာကို တွေ့လာရတဲ့အပြင် အရင်က အကောက်ခွန်ဂိတ်အနေနဲ့သာ ရှိခဲ့တဲ့ အဲဒီ တပ်စခန်းဟာ အခုဆိုရင် ရွာရဲ့ သုံးတစ်ပုံလောက် နေရာယူထားကြပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...