တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်တွင် အမျိုးသမီးနှင့် ကလေးငယ်သေဆုံးမှုနှုန်း လစဉ်မြင့်တက်လာ

တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်တွင် အမျိုးသမီးနှင့် ကလေးငယ်သေဆုံးမှုနှုန်း လစဉ်မြင့်တက်လာ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်အတွင်းတွင် အမျိုးသမီးနှင့် ကလေးငယ်ထိခိုက်သေဆုံးမှုများမှာ လစဉ်မြင့်တက်လျက်ရှိနေသည်။

DMG က ကောက်ယူထားသည့်စာရင်းအရ တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ဩဂုတ်လမှ အောက်တိုဘာလအထိ သုံးလတာကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ မိုင်းထိမှန်မှုတို့ကြောင့် အမျိုးသမီးနှင့် ကလေး စုစုပေါင်း ၅၂ ဦး သေဆုံးဒဏ်ရာရရှိခဲ့သည်။

ယင်းအထဲတွင် အမျိုးသမီး ၇ ဦးနှင့် ကလေးငယ် ၆ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂၅ ဦးနှင့် ကလေးငယ် ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုနိုဝင်ဘာ ပထမအပတ်အတွင်းမှာလည်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ကလေးငယ်မှာ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ ထိခိုက်သေဆုံးမှုမြင့်လာနေသည့်အတွက် နေ့စဉ်မလုံခြုံမှုကို ခံစားနေရသည်ဟု ကျောက်တော်မြို့၊ မီးရထားဘူတာစစ်ဘေးရှောင်စခန်းမှ ဒေါ်လှအေးသန်းကပြောသည်။

“ကျွန်မတို့မှာ အသက်လုံခြုံမှုဆိုတာ မရှိဘူး။ ဒါကြောင့်လည်း ကြောက်နေရတယ်။ နေရတာလည်း လုံလုံခြုံခြုံ မရှိဘူး”ဟု ၎င်းကဆိုသည်။

အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ရခိုင်ပြည်အတွင်းမှ ဒေသခံများမှာ လက်ရှိတွင် လုံခြုံမှုကင်းမဲ့နေရခြင်း ဖြစ်သည်ဟု ရခိုင်အမျိုးသမီးကွန်ရက်မှ အတွင်းရေးမှူး မစောမြသန္တာကပြောသည်။

“အိမ်မှာနေရင်တောင် လက်နက်ကြီးကျလို့ သေနေရတယ်။ အမျိုးသမီးတွေ၊ ကလေးတွေ၊ အမျိုးသားတွေအားလုံး ကိုယ့်အိမ်မှာ နေရတာတောင် မလုံခြုံဘူး ဖြစ်နေကြရတယ်”ဟု ၎င်းကဆိုသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူများတွင်လည်း အမျိုးသမီးနှင့် ကလေးငယ် အများဆုံးပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေကြောင်းလည်း ၎င်းကဆက်ပြောသည်။

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် တကျော့ပြန်တိုက်ပွဲများကြောင့် ပြီးခဲ့သည့်ဩဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင် ၁၆၀၀၀ တိုးလာခဲ့ပြီး ယခင် စစ်ဘေးရှောင်ဦးရေနှင့်ပေါင်းပါက စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၉၀၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ကုလသမ္မဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ထားသည်။

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...