မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ယမန်နေ့(နိုဝင်ဘာလ ၈ ရက်နေ့)က အမ်းမြို့နယ် အတွင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံရာနှင့်ချီထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ရှောက်ခြုံကျေးရွာ အနီးတွင် မွန်းလွဲ( ၁၂) နာရီကပင်တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ယင်းအနီးရှိ အုန်းတည်ချောင်းရွာ၊ ဖရုံချောင်းရွာ စသည့်ကျေးရွာ(၃)ရွာမှ ဒေသခံများမှာ ကမ်းထောင့်ကြီးမြို့သို ထွက်ပြေးခိုလှုံနေကြရကြောင်း ထွက်ပြေးခိုလှုံနေရသူတစ်ဦးက ဆိုသည်။
"ဖြစ်တာက ၁၂ နာရီလောက်မှာ ဖြစ်တာ။ ၂ နာရီကြာ ကြာလောက်ဖြစ်ခဲ့တယ်။ အပြန်အလှန်ပစ်ခတ်ကြတာပေါ့။ အဲဒါနဲ့ ကျနော်တို့လည်း မနေရဲလို့ ကမ်းထောင့်ကြီးကို ထွက်ပြေးလာကြတယ်။ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး"ဟု သူကဆိုသည်။
ထို့ပြင် ဟင်းရွက်ကျေးရွာနှင့် တစ်မိုင်ကျော်ခန့်ဝေးကွာသည့် နေရာတွင် မြန်မာစစ်တပ်၏ ယာဉ်တန်းကိုဖြတ်တိုက်ရာမှ ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
"မြန်မာစစ်တပ်ဖက်က တက်တဲ့ကားကို ဖြတ်တိုက်တာလို့တော့ သိရတယ်။ ထိခိုက်သေဆုံးမှု အခြေအနေကို မသိဘူး။ အခု ကျနော်တို့ရွာသားတွေ ကြောက်ပြီး ဘုန်းကြီးကျောင်းမှာ စုနေကြတယ်"ဟု သူကဆိုသည်။
ဟင်းရွက်ကျေးရွာတွင် အိမ်ခြေ(၉၀)ကျော်ရှိပြီး တစ်ချို့ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။
"အခုတော့ အေးအေးဆေးဆေးဖြစ်နေတယ်။ ဒါပေမဲ့ စိတ်ချလို့တော့ မရဘူးပေါ့။ အကြောက်တရားတွေနဲ့ နေရတယ်။ မနေ့ကဖြစ်တော့ တစ်ချို့ဆို ရွာမှာမနေတော့ဘူး၊ ထွက်သွားကြတယ်။ တစ်ချို့ လူငယ်တွေဆိုလည်း ရှောင်တိမ်းနေကြရတယ်"ဟု သူကဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်ပြီး ယနေ့ညနေ ၆ နာရီအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
အဆိုပါ ဟင်းရွက်ကျေးရွာမှ အမျိုးသမီးတစ်ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးထားသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီး လက်ရှိတွင် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်အတွင်းမှ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
ယင်းသို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် လက်နက်ကြီးကျရောက်မှု၊ မိုင်းပေါက်ကွဲမှုနှင့် သေနတ်ကျည်ထိမှန်မှုတို့ကြောင့် အရပ်သား ၂၁ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၇၀ ဦးအထိရှိကြောင်း DMG ကပြုစုထားသည့်စာရင်းအရ သိရသည်။







