ကျောက်မဲ မြို့ခံ နှစ်ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီး

ကျောက်မဲ မြို့ခံ နှစ်ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီး
ဓါတ်ပုံ - Tachileik News Agency
ဓါတ်ပုံ - Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့က ဒေသခံ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF နှင့် ပတ်သက် ဆက်နွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ကျောက်မဲမြို့၊ ၆၈ ရိပ်သာအရှေ့ရှိ နေအိမ်မှ အသက် ၂၀ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးကို ၎င်း၏နေအိမ်မှ ဖမ်းဆီးသွားပြီး၊ ၉ ရပ်ကွက်နေ အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦးကို ကျောက်မဲကားဂိတ်မှ ဖမ်းဆီး သွားခြင်း ဖြစ်သည်။

အသက် ၂၀ အရွယ် လူငယ်မျိုးသား ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မိသားစုနှင့် နီးစပ်သူတစ်ဦးက “အကြောင်း ရင်းကို မသိသေးတာ။ အကြောင်းရင်းကိုလည်း မပြောဘူး။ သူတို့က(စစ်တပ်) ဒီတိုင်းပဲ လာခေါ်သွားတာ။ ကောင်လေးက ငယ်သေးတယ်။ ရိုက်ခံနေရလောက်ပြီ ထင်တယ်” ဟု ပြောသည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားကို နိုဝင်ဘာလ ၈ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်တွင် ကျောက်မဲ-မန္တ လေးသို့ ပြေးဆွဲနေသော ယာဉ်ငယ်လိုင်းတစ်ခုမှ ပစ္စည်းအချို့ ရောက်နေသဖြင့် လာရောက်ရွေးယူရန် ဖုန်း ဆက် အကြောင်းကြားရာ ပစ္စည်းသွားရောက်ရွေးယူချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဂိတ်တွင်အသင့် စောင့် ဆိုင်းနေပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးကပြောသည်။

ထိုသူကို PDF များအတွက် ထောက်ပို့ ပစ္စည်းများ လာရောက်ယူသည်ဆိုကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထိုနည်းတူ အသက် ၂၀ အရွယ်လူငယ်ကိုလည်း ထိုနေ့ ည ၁၀ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ၎င်းတို့ နေအိမ် အုတ်တံတိုင်းနှင့် အိမ်ဝန်းတံခါးများကို ကျော်ကာ ဝင်ရောက်လာပြီး သေနတ်များဖြင့် ချိန်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

၎င်းတို့နှစ်ဦးစလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၈ ရက်နေ့ ညက ဖမ်းဆီးသွားခြင်း ဖြစ်ပြီးယနေ့ ညနေပိုင်းအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးဟုလည်း ပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦးကို ယနေ့အချိန်ထိ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေး သောကြောင့် ဖမ်းဆီးခံထားရသူများအတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်မဲမြို့ရှိ လူငယ်များကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးကာ ကျောက်မဲခြေစိုက် ခမရ (၅၀၂) တပ်၏ စစ်ကြောရေး (သို့မဟုတ်) ကျောက်မဲမြို့အဝင် အမှတ် (၃၅၂) အမြောက် တပ်ရှေ့ရှိ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) စခန်း၏ စစ်ကြောရေးတွင် ဖမ်းဆီးခေါ်ဆောင်သွားကာ ထိန်း သိမ်းထားလေ့ ရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့က ဒေသခံ လူငယ် အမျိုးသားနှစ်ဦးကို စရဖ စခန်းရှိ စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက် စစ်ဆေး ပြီးနောက် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများဖြင့် ကျောက်မဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...