စစ်တွေတွင် အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ အိမ်ငှားခများလည်း ဈေးမြင့်တက်လာနေ

စစ်တွေတွင် အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ အိမ်ငှားခများလည်း ဈေးမြင့်တက်လာနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အိမ်ခြံမြေများ ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ အိမ်ငှားခဈေးများမှာလည်း ယခင်နှစ်များထက် သိသိသာသာမြင့်တက်လာနေကြောင်း အိမ်ငှားနေထိုင်သူအချို့ထံမှ သိရသည်။

စစ်တွေမြို့သို့ အခြားမြို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်နေသူများမှာ အိမ်ငှားနေထိုင်ရာတွင် ယခင်ကထက် ဈေးမြင့်လာသဖြင့် အခက်အခဲရှိကြောင်း အိမ်ငှားနေထိုင်သူများကပြောသည်။

“အိမ်ငှားဈေးတွေကို အရင်အတိုင်း ပုံမှန်ဖြစ်စေချင်တယ်။ တစ်သိန်းခွဲနဲ့ သုံးလစာချုပ်သော်လည်းကောင်း၊ ခြောက်လစာချုပ်သော်လည်းကောင်း၊ အခုလို စီးပွားရေးအနေအထားနဲ့ တောင့်ခံနိုင်သေးတယ်။ ဒါပေမယ့် အခုက နှစ်သိန်းနဲ့ သုံးလတောင်မရဘဲ ခြောက်လစာချုပ်အတွက် ငွေကိုစုပေးရမှာကတော့ ကျွန်တော်တို့ဝင်ငွေနဲ့ သိပ်အဆင်မပြေဘူး”ဟု စစ်တွေမြို့တွင် အိမ်ငှားနေထိုင်သည့် ကိုဇော်ချေကပြောသည်။

ယခင်က သာမာန်အိမ်တစ်လုံး ငှားရမ်းခမှာ တစ်လလျှင် ငွေကျပ်တစ်သိန်းခွဲခန့်သာရှိသော်လည်း လက်ရှိမှာ ငွေကျပ်နှစ်သိန်းပေး၍ အိမ်ငှားရန် ရှာမရသည့် အခြေအနေများနေကြောင်းလည်း ၎င်းကဆက်ပြောသည်။

စစ်တွေမြို့တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အခြေခံလစာ တစ်သိန်းကျော်သာ ရရှိကြသော ဝန်ထမ်းများဆိုပါက အိမ်ငှားမနေနိုင်သည့်အတွက် အလျား ၆ ပေ၊ အနံ ပေခန့်သာရှိသည့် အဆောင်များတွင် ကျပ်ကျပ်တည်းတည်း နေထိုင်ကြရကြောင်း ပေါက်တောမြို့မှ စစ်တွေမြို့တွင်အလုပ်လာလုပ်နေသည့် အိမ်ငှားနေထိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။

“လက်ရှိကျွန်မက အိမ်ငှားနေတာပေါ့။ ဒါပေမယ့် အိမ်ငှားရတာတွေ အရင်ကထက် ဈေးပိုကြီးလာတယ်။ ရခိုင်မှာ ဝန်ထမ်းတစ်ယောက် လစာအများဆုံးရရင် သုံးသိန်းကျော်ပဲ။ ဒီငွေလေးနဲ့ အိမ်တစ်လုံးကို တစ်လမှာ နှစ်သိန်းပေးပြီး မနေနိုင်ဘူးလေ။ ပြီးတော့ ရေခ၊ မီတာခတွေ လာဦးမယ်။ ဒီတော့ ဘယ်လိုမှအဆင်မပြေဘူး”ဟု ၎င်းကပြောသည်။

စစ်တွေမြို့တွင် ယခင်နှစ်များက တိုက်ခန်းငယ်တစ်ခန်းလျှင် ငွေကျပ်တစ်သိန်းကျော်သာ ငှားရမ်းခ ပေးရသော်လည်း လက်ရှိတွင် ငွေကျပ်နှစ်သိန်းကျော်အထိ မြင့်တက်လျက်ရှိနေကြောင်း အိမ်ငှားနေထိုင်သူများထံမှ သိရသည်။

စစ်တွေမြို့တွင် အိမ်ခြံမြေဈေးများမှာ ယခင်နှစ်အနည်းငယ်ကာလက ဈေးနှုန်းများထက် ရာနှုန်းပြည့် ထိုးတက်သွားသည့် နေရာများရှိသကဲ့သို့ နှစ်ဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်း စသဖြင့် ဈေးနှုန်းထိုးတက်လျက်ရှိကြောင်းလည်း အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများကဆိုသည်။

“ရွှေဈေး၊ ဒေါ်လာဈေးတွေတက်နေတော့ အဲဒီဘက်ကို အဝယ်ရပ်ပြီး အိမ်ခြံမြေဘက်ကို ပိုဝယ်လာကြတယ်။ ဆိုတော့ ဝယ်သူများလာတာနဲ့ အိမ်ခြံမြေတွေကို ဈေးတင်တောင်းလာကြပြီ။ အိမ်ခြံမြေတွေ ဈေးတက်တာ အဲဒါကြောင့်နဲ့လည်း ဆိုင်တယ်”ဟု စစ်တွေမြို့တွင် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဒေါ်ခိုင်သီတာစောက ပြောသည်။

ယခုကဲ့သို့ အိမ်ငှားခများ ဈေးတက်လာ၍ အိမ်ငှားနေထိုင်သည့်မိသားစုများ ဈေးသက်သာစွာဖြင့် အိမ်ငှားနေထိုင်နိုင်ရန် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်းလည်း အိမ်ငှားနေထိုင်သူများက ပြောဆိုကြသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...