တောင်ကုတ်ဒေသခံ ကိုဇေယျာကျော်ကို မြန်မာစစ်တပ်ဖမ်းဆီး

တောင်ကုတ်ဒေသခံ ကိုဇေယျာကျော်ကို မြန်မာစစ်တပ်ဖမ်းဆီး

ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ အသက် (၄၇) အရွယ် ကိုဇေယျာကျော်ကို ယနေ့ နိုဝင်ဘာလ(၈)ရက်၊ ညနေ(၃)နာရီခန့်တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ကိုဇေယျာကျော်မှာ ဦးဥတ္တမပန်းခြံအနီး ရှိနေစဉ် အိမ်စီးကားအဖြူတစ်စီးဖြင့် စစ်သား(၄)ဦးက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကိုဇေယျာကျော်၏ မိတ်ဆွေတစ်ဦးကဆိုသည်။

"အိမ်စီးကားနဲ့ လာဖမ်းတာဖြစ်တယ်။ စစ်တပ်ကဖမ်းတာ လူအဝတ်နဲ့ (၂ )ယောက်၊ စစ်ဝတ်စုံနဲ့(၂)ယောက် လာဖမ်းတာ။ ဘာကြောင့် ဖမ်းလဲမေးတော့ စစ်ဆေးစရာရှိလို့လို့ပြောတယ်"ဟု သူကဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့၊ ည ၁၁ နာရီကလည်း ကိုဇေယကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်ကို မြန်မာစစ်တပ်က စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားသည်။

လက်ရှိတွင် ကိုဇေယျာကျော်ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးသည့်အတွက် အထူးစိုးရိမ်နေကြောင်း မိသားစုဝင်တစ်ဦးကဆိုသည်။

"အခု ဘယ်ကို ဖမ်းသွားမှန်းမသိတော့ စိတ်ပူနေရတယ်။ အိမ်ကနေ ဖမ်းသွားတာ မဟုတ်ဘဲ လမ်းမှာ ဖမ်းခံရတော့ ပိုစိတ်ပူတယ်"ဟု သူကဆိုသည်။

ကိုဇေယျာကျော်ကို ဖမ်းဆီးသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်း မရှိပါ။

ကိုဇေယျာကျော်မှာ ယခင်က တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ လုပ်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။

Most read this week

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...