စစ်ကောင်စီတပ်အတွက် ရိက္ခာသယ်ဆောင်လာသည့်ရေယာဉ်ကို မြောင်တော်လှန်ရေးအဖွဲ့များဖမ်းဆီး ပြီး ပြည်သူများထံ ဆန်အိတ်များဝေငှ

စစ်ကောင်စီတပ်အတွက် ရိက္ခာသယ်ဆောင်လာသည့်ရေယာဉ်ကို မြောင်တော်လှန်ရေးအဖွဲ့များဖမ်းဆီး ပြီး ပြည်သူများထံ ဆန်အိတ်များဝေငှ

စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်တစ်နေရာ ချင်းတွင်းမြစ်အတွင်း၌ နိုဝင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီရိက္ခာအတွက် တင်ဆောင်လာသည့် ရေယာဉ်တစ်စီးကို တော်လှန်ရေး အဖွဲ့များ ကဖမ်းဆီးခဲ့ပြီး ရေယာဉ်ပေါ်တွင်ပါလာသည့် ဆန်အိတ်များကို ပြည်သူများအား ဝေငှပေးခဲ့ကြောင်းသိရ သည်။

မန္တလေးမှတဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် ဆန်အိတ်စုစုပေါင်း ၁၆,၀၀၀ အိတ် နှင့် စားသုံးဆီများပါဝင်သည့် စစ်ကောင်စီတပ်၏ရိက္ခာတင်ရေယာဉ်ကို နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရိက္ခာတင်ရေယာဉ်ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)၊ မြောင် အမျိုးသမီး စစ်သည်တော်တပ်ရင်း(M2W)၊ မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့(CRF-Myinmu)၊ ပြည်သူ့ ကာကွယ်ရေးတပ်-တလုပ် (PDF-Taloke)နှင့် MGN Ranger တို့ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရေယာဉ်ပေါ် တွင်ပါဝင်သည့် ဆန်အိတ်များကို ပြည်သူများထံ ခွဲဝေပေးခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ တစ်ခုမှတာဝန်ရှိသူထံက သိရသည်။

“ဖမ်းလိုက်တဲ့အချိန် သင်္ဘောပေါ်မှာပါတဲ့ ဆန်အိတ်တွေကိုတော့ ခွဲဝေပြီး ပြည်သူတွေ မျှပေးလိုက်တယ်” ဟု ဖမ်းဆီးရာတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီကို တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် တော်လှန်ရေးပူးပေါင်းအဖွဲ့များ ခရီးသွားလာနေစဉ် ရေယာဉ်လေးစီးဖြတ်သန်းမည်ဖြစ်ကြောင်းကြားသိ၍ ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖမ်းဆီးရာတွင် ကျန်ရေယာဉ်သုံးစီးမှာမူ ထွက်ခွာသွားပြီဖြစ်သောကြောင့် ယခုရေယာဉ်တစ်စီးကိုသာ ဖမ်းဆီးစစ်ဆေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးချိန်တွင် ရေယာဉ်ပေါ်၌ ကပ္ပတိန်နှင့်ရေယာဉ်လုပ်သားများသာပါဝင်သော်လည်း သတင်းအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စစ်ဆေးမှုများပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မည်သည့် နေရာ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါကပ္ပတိန်ထံသို့ ဆက်သွယ်ခဲ့၍ ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီ၏ ရိက္ခာများဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်းသိရသည်။

“အစက သင်္ဘောမောင်းတဲ့ သူကဝန်မခံဘူး။ စစ်ကောင်စီဘက်က ဖုန်းတွေ ဆက်လာမှ ခင်ဗျား သေချာ နေပြီ ဝန်ခံဆိုတော့ သူတို့လည်း ချောဆွဲခံရတယ်လို့ဝန်ခံတယ်” ဟု M2W မှ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခံရသည့်ရေယာဉ် ကပ္ပတိန်၏ ပြောကြားချက်အရ ၎င်းတို့ရေယာဉ်သည် ရွှေကြက်ယက်တွင် ပေါ်တာ ဆွဲခံခဲ့ရခြင်းဖြစ်ပြီး ရေယာဉ်သွားလာရာ လမ်းတလျောက်တွင် စစ်ကောင်စီတပ်မှ လုံခြုံရေး ယူပေးနေမှုများရှိကြောင်း ဝန်ခံပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်များသည် ၎င်းတို့၏ ရိက္ခာတင်ရေယာဉ် ဖမ်းဆီးခံလိုက်ရချိန်တွင် လုံခြုံရေးယူ ထားသည့်နေရာများမှ ဖမ်းဆီးခံရသည့်နေရာသို့ ဝိုင်းလာခြင်းများရှိသဖြင့် တော်လှန်ရေး အဖွဲ့များသည် အဆိုပါရေယာဉ်ကို ညနေပိုင်းတွင် ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...