မအီမြို့ နယ်မြေရဲစခန်းမှူးကို AA ဖမ်းဆီး

မအီမြို့ နယ်မြေရဲစခန်းမှူးကို AA ဖမ်းဆီး
ရခိုင်ပြည်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
ရခိုင်ပြည်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ မအီမြို့  နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော စခန်းမှူးအား ယနေ့(နိုဝင်ဘာလ ၄ ရက်)၊ နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဒေသခံတစ်ဦးတို့က ပြောသည်။

မအီမြို့၊ စံတွေးကျေးရွာတွင်ပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံ ကထိန်ပွဲတော်တွင် ၄င်းကို ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက အတည်ပြုသည်။

“ကထိန်က ဌာနပေါင်းစုံက လုပ်ကြတာ အဲဒီစံတွေးရွာမှာ။ ကထိန်မှာ ဆွမ်းကျွေးချိန်မှာ ထမင်းစားနေကြတုန်း ဝင်ဖမ်းသွားတာ။ မနက်က ကျွန်တော်လည်း အဲဒီကထိန်ပွဲမှာ ရှိပါတယ်။ ဖမ်းသွားတာက အဲဒီဘက်က လူဘယ်နှစ်ယောက်ပါလဲတော့ ကျွန်တော်မမြင်လိုက်ဘူး”ဟု သူကပြောသည်။

၄င်းရဲအရာရှိမှာ မအီမြို့နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိသေးကြောင်း ၄င်းကဆက်ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ဖမ်းသွားတာကိုတော့ ကြားတယ်။ ကျွန်မတို့က အိမ်မှာဆိုတော့ မမြင်လိုက်ရဘူး။ စံတွေးရွာမှာ ကထိန်လုပ်နေရင်း ဖမ်းသွားတာ။ ထမင်းစားနေရင်းက ဖမ်းသွားတာလို့ ကြားပါတယ်”ဟု ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်းဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ထို့ပြင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကိုလည်း ဆက်သွယ်နေဆဲဖြစ်သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ပြည်နယ်အတွင်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာပြီး မြန်မာစစ်တပ်ဘက်က အရပ်သားများကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခြင်းများပြုလုပ်နေသည်။ တစ်ဖက်တွင် ရဲအရာရှိများ၊ စစ်သားများကိုလည်း AA ဘက်ကလည်း ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေသည်။

Most read this week

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...