စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝတွင် အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရသူ ၃၁ ဦးရှိ

စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝတွင် အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရသူ ၃၁ ဦးရှိ

ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊လက်နက်ငယ် ထိမှန်မှု၊ မြေမြှုပ်မှိုင်း ပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁ ဦးအထိရှိခဲ့ကြောင်း DMG ကပြုစုထားသည့်အချက်အလက်များအရ သိရသည်။

သေဆုံးသူ ၁၁ ဦးမှာ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေမြို့နယ်တို့မှဖြစ်ပြီး အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၄ ဦးတို့ပါဝင်သည်။ ယင်းအထဲမှ အမျိူးသမီး (၇)ဦးနှင့် အမျိုးသား(၂)ဦးမှာ လက်နက်ကြီးထိမှန် သေဆုံးသွားခြင်းဖြစ်ပြီး ကျန်အမျိုးသား(၂)ဦးမှာ လက်နက်ငယ်ကျည်ထိမှန် သေဆုံးသွားကြသည့် ဘူးသီးတောင်နှင့် စစ်တွေမြို့နယ်မှ မွတ်ဆလင်များဖြစ်ကြသည်။

ထို့ပြင် ဒဏ်ရာရရှိသူ (၃၁)ဦးတွင် အမျိုးသမီး(၁၂)ဦးနှင့် အမျိုးသား(၁၉)ဦးပါဝင်ပြီး မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်တို့မှ ဒေသခံများဖြစ်ကြသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ဦးထဲတွင် ကလေးငယ် ၇ ဦးပါဝင်ပြီး မိုင်းထိမှန်ဒဏ်ရာရသူ ၁ ဦး၊ လက်နက်ကြီးထိမှန်သူ ၄ ဦး၊ ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၂ ဦးတို့ဖြစ်သည်။

ကျန်ဒဏ်ရာရသူ (၂၄)ဦးမှာ လူကြီးများဖြစ်ကြပြီး ၄င်းတို့ထဲတွင် မိုင်းထိမှန်သူ ၂ ဦး၊ လက်နက်ကြီးထိမှန်သူ ၁၄ ဦး၊ လက်နက်ငယ်ကျည်ထိမှန်သူ ၇ ဦးနှင့် ဒရုန်းပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၁ ဦးတို့ဖြစ်သည်။

DMG က ပြုစုရရှိထားသည့်စာရင်းအရ အောက်တိုဘာ တစ်လအတွင်း ဒဏ်ရာရ၊ သေဆုံးသူ အမျိုးသားစုစုပေါင်း ၂၃ ဦးနှင့် အမျိုးသမီးစုစုပေါင်း ၁၉ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် အမျိုးသမီးထိခိုက်သေဆုံးမှုမှာ ၄၅ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားသေဆုံးမှုမှာ ၅၅ ရာခိုင်နှုန်းဖြစ်သည်။

မင်းပြားဒေသခံတစ်ဦးက “တစ်နေ့ထက်တစ်နေ့ လက်နက်ကြီးပစ်မှာကိုပဲကြောက်နေရတယ်။ ညအိပ်ရင်တောင် ဘယ်အချိန် ကိုယ့်အိမ်ကိုလက်နက်ကြီးကျလာမလဲဆိုပြီး စိုးရိမ်စိတ်နဲ့နေရတယ်။ဗုံးခိုကျင်းတွေထဲ ဝင်နေဖို့ကလည်း သူတို့ပစ်မဲ့အချိန်တွေကိုလည်း သိတာမဟုတ်ဘူး။ အချိန်ပြည့်လည်း ပုန်းခိုမနေနိုင်တော့ ဖြစ်ရင်လည်း ကံတရားပဲဆိုပြီး နေရတာပါပဲ"ဟု ဆိုသည်။

ရခိုင်ပြည်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ သြဂုတ်လမှစတင်ကာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီး လက်နက်ကြီး၊ လက်နက်ငယ်ကျည်ထိမှန်မှုနှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သားသေဆုံးမှု တဖြည်းဖြည်းမြင့်တက်လာနေသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးထိရှိကြောင်း DMG က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

Most read this week

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...