သုံးလကျော်ကြာ စစ်တပ်လက်ထဲရောက်နေသည့် စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို ရဲလက်သို့လွှဲပြောင်း

သုံးလကျော်ကြာ စစ်တပ်လက်ထဲရောက်နေသည့် စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို ရဲလက်သို့လွှဲပြောင်း
ကျောက်တော်မြို့ တွင်း တစ်နေရာအား မြင်ကွင်း။
ကျောက်တော်မြို့ တွင်း တစ်နေရာအား မြင်ကွင်း။

မြန်မာစစ်တပ်က ဖမ်းဆီးပြီး သုံးလကျော်ကြာ ချုပ်နှောင်ထားသည့် ကျောက်တော်မြို့နယ်မှ စစ်ဘေး‌ရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို ယမန်နေ့(နိုဝင်ဘာလ ၃ ရက်)၊ နံနက်ပိုင်းတွင် စစ်တပ်က ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်သည်ဟု သိရသည်။

ကျောက်တော်မြို့၊ ကဝိရတနာကျောင်း စစ်ဘေးရှောင်စခန်းမှ ဆေးဆရာ ဦးကျော်ဟိန်း(၄၀ နှစ်)နှင့် သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ (၅၃ နှစ်)တို့ကို သြဂုတ်လ ၁ ရက်နှင့် ဇူလိုင်လ ၁၉ ရက်နေ့တို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မနက်က ဒုရဲအုပ်တစ်ယောက်က ကျမတို့ရွာက လူကြီးတစ်ယောက်ကို ဖုန်းဆက်ပြီး အကြောင်းကြားလာတဲ့အတွက် သူတို့ ရဲစခန်းကိုရောက်နေမှန်း သိရတာပါ။ သိသိချင်း လိုက်သွားကြတော့ အစောင့်တွေ အများကြီးရှိတာကြောင့် မတွေ့ခဲ့ရဘူး။ ကျမတို့ မိသားစုဝင်ထဲက သက်ကြီးပိုင်းတစ်ယောက်က အထဲဝင်သွားပြီး တွေ့ခွင့်တောင်းတော့ ရဲတစ်ယောက် သူ့ကို ခုတွေ့လို့မရသေးဘူးလို့ပြောလိုက်တယ်”ဟု ဦးမောင်စောသာ၏ ဇနီး ဒေါ်မအေးခင်ကပြောသည်။

ဦးမောင်စောသာမှာ ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့က ကျောက်တော်မြို့သို့ ကယ်ရီပို့ရန်သွားစဉ် မဟာမုနိ ဘုရားရှေ့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကပင် အဆက်အသွယ်မရဘဲ ရှိခဲ့သည်။

အလားတူ ကဝိရတနာဘုန်းကြီးကျောင်းမှ ဆေးဆရာ ဦးကျော်ဟိန်းကိုလည်း မြန်မာစစ်တပ်က ဇူလိုင်လ ၁၉  ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ကျောက်တော်မြို့၊ မဟာကံကြီးသျှင်စစ်ဘေးရှောင်စခန်းရှိ လူနာအား ဆေးကုသရန်သွားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ယင်းအချိန်ကပင် အဆက်အသွယ် ပြတ်တောက်နေခြင်းဖြစ်သည်။

“ခင်ဗျားယောကျာ်း ရဲစခန်းကိုရောက်နေပြီ၊ လာတွေ့ချင်ရင် တွေ့လိုရပြီဆိုပြီး ရဲကဖုန်းဆက်လာတော့ ကျမလည်း သူ့အတွက် ထမင်းဗူးတွေ၊ အဝတ်တွေထည့်ပြီး လိုက်သွားတယ်။ စခန်းကိုရောက်တော့ တစ်ယောက်နဲ့ တစ်ယောက် ခပ်ဝေးဝေးကပဲ စကားလှမ်းပြောခဲ့ရတယ်။ အဝေးကဆိုတော့ ဒဏ်ရာ၊ဒဏ်ချက်တွေ ရှိ၊ မရှိလည်း မမြင်ခဲ့ရဘူး။ စကားလှမ်းပြောနေတုန်းမှာတောင် အစောင့်တွေက အော်ငေါက်တော့ ကျမလည်း ဘာမှ ဆက်မပြောခဲ့ရဘူး။ အနည်းဆုံးတော့ သူအသက်ရှင်နေသေးတယ်ဆိုတာ မြင်ခဲ့ရတာပေါ့”ဟု ဦးကျော်ဟိန်း၏ ဇနီးဒေါ်အေးသန်းကဆိုသည်။

လက်ရှိတွင် ၄င်းတို့နှစ်ဦးအား အမှုဖွင့်ထားခြင်း ရှိ၊ မရှိကို မသိရသေးသော်လည်း အပြစ်တစ်စုံတစ်ရာမရှိဘဲ အမှုဖွင့်ထောင်ချခံရမည်ကို စိုးရိမ်နေကြောင်း မိသားစုဝင်များကဆိုသည်။

“သူက လူနာဆေးကုဖို့သွားရင်း ပျောက်သွားတာ။ စစ်တပ်ကဖမ်းသွားတာ ဟုတ်၊မဟုတ်ကို စုံစမ်းခဲ့ပေမဲ့လည်း ဘာသတင်းမှမသိရ၊ မကြားရဘဲ ၄ လလုံးလုံး ပျောက်နေခဲ့တာ။ အခုရဲစခန်းကိုရောက်မှပဲ သူမသေသေးဘူးဆိုတာ သိရတာ။ သူ့ကို ပြန်တွေ့ရလို့ပျော်မိပေမဲ့ တစ်ဖက်မှာလည်း သူ့ကို ဘာအပြစ်မှမရှိဘဲ ပုဒ်မအမျိုးမျိုးတွေတပ်ပြီး ရုံးတင်တာမျိုး၊ ထောင်ချတာမျိုးလုပ်မှာကို စိတ်ပူနေတယ်”ဟု ဒေါ်အေးသန်းကဆိုသည်။

၄င်းတို့နှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်းမှ စခန်းမှူးအား DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။ အလားတူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

အလားတူ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဒေသခံတစ်ဦးနှင့် ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် တစ်ဦးကိုလည်း အောက်တိုဘာလ ၂ ရက်နေ့က ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူးက ဖုန်းဆက်လှမ်းခေါ်၍သွားရောက်ရာမှ ယနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးလျက်ရှိနေသည်။

Most read this week

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...