လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရခိုင်မြောက်ပိုင်း လယ်သမားများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ် စပါးပင်များ ပျက်စီးမှုများ ရှိလာ

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရခိုင်မြောက်ပိုင်း လယ်သမားများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ် စပါးပင်များ ပျက်စီးမှုများ ရှိလာ

ရခိုင်ပြည် မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်စသည့်မြို့နယ်များတွင် မြန်မာစစ်တပ်အခြေစိုက်ထားသည့် ဗျူးဟာကုန်း၊ တပ်ရင်း စသည့်နေရာများမှ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေမှုများကြောင့် ဒေသခံလယ်သမားများမှာ  အပြင်သို့ ထွက်၍ စပါးရိတ်သိမ်းရန် အခက်အခဲများရှိနေပြီး စပါးပင်များမှာလည်း အမှည့်လွန်ကာ ပျက်စီးမှုအချို့ရှိ လာနေကြောင်း လယ်သမားများထံမှ သိရသည်။

မင်းပြားမြို့နယ်၊ ကြပ်စင်တံတားအနီး စိုက်ပျိုးထားသည့် စပါးများ ရင့်မှည့်နေသည်မှာ နှစ်ပတ်နီးပါး ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း တံတားပေါ်၌ နေရာယူထားသည့် မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မည်ကို စိုးရိမ်ရသောကြောင့် မရိတ်သိမ်းနိုင်ဘဲ လွှင့်ပစ်ထားရကြောင်း လယ်ပိုင်ရှင်များက ပြောဆိုနေကြသည်။

ဖလောင်းပြင်ရွာသား တစ်ဦးက “စပါးတွေက အမှည့်လွန်ပြီးတော့ အပင်တွေက ဂုတ်ကျိုးကျနေပြီ။ လဲတာတွေလည်း လဲနေကြပြီ။ ဒါပေမယ့် ကျနော်တို့ သွားရိတ်လို့မရဘူး။ လယ်ကွင်းထဲကို သွားတာနဲ့ တံတားနားမှာရှိတဲ့ စစ်တပ်က စိတ်ထင်သလို လျှောက်ပစ်နေတာဆိုတော့ သူတို့ဆီက ခွင့်ပြုချက်မရဘဲ ဘယ်သူမှမသွားရဲဘူး။ သူတို့ဆီက ခွင့်ပြုချက်ကို အုပ်ချုပ်ရေးမှူးတွေဆီကတဆင့် တောင်းဖို့ကလည်း အုပ်ချူပ်ရေးမှူးတွေက ရွာမှာမရှိကြပြန်ဘူး”ဟု ပြောသည်။

အလားတူ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာအုပ်စုရှိ ဝက်မှိုင်းရွာသားများနှင့် ပိန္နဲချောင်း ရွာသားများမှာလည်း တပ်ရင်း(၃၇၅) မီးရထားလမ်းနားရှိ ၎င်းတို့စိုက်ပျိုးထားသည့် စပါးပင်များမှာ ယခုအခါ ရင့်မှည့်နေပြီဖြစ်သော်လည်း ရိတ်သိမ်းရန် အဆင်မပြေဖြစ်နေကြောင်း သိရသည်။

“အဲဒီအနားတစ်ဝိုက်က လယ်တွေက ကျနော်တို့ရွာသားနဲ့ ပိန္နဲချောင်းရွာသားပိုင် လယ်တွေပါ။ စပါးတွေက မှည့်နေတဲ့သူတွေမှာ မှည့်နေကြပြီ။ ဒါပေမယ့် တပ်နယ်မြေဖြစ်တဲ့အတွက် မရိတ်ရဲကြဘူးဖြစ်နေတယ်။ ဒါကြောင့် ဆုံးရှုံးမှုတွေမဖြစ်ရအောင် စစ်တပ်က ခွင့်ပြုချက်တောင်းပေးဖို့အတွက် ကျနော့်တို့ဆီကို အကူအညီလာတောင်းထားတာရှိပါတယ်။ ကျနော့်ထက် အုပ်စုအုပ်ချုပ်ရေးမှူးက ပိုလုပ်ပေးနိုင်မယ်ထင်လို့ သူ့ဆီကိုသွားဖို့ပဲ အကြံပေးလိုက်တယ်။ ဘာမှတော့ အကြောင်းမပြန်လာသေးဘူး ” ဟု ဝက်မှိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသိန်းမောင်က ပြောသည်။

ယင်းအပြင် ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာအုပ်စုရှိ၊ သဘောက်ချောင်း၊ ဒုကင်းချာင်း၊ အာကာပျံ၊ လက်ပံကိုင်း(ခမီ)ကျေးရွာအနီးနားသို့လည်း မြို့ပေါ်ရှိ အမြှောက်တပ်၊ အလယ်ချောင်း နခက(၈)နှင့် တပ်မ(၁၅)တို့မှ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသောကြောင့် ရွာသားများမှာ လယ်ကွင်းသို့သွားရန် အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်နေကြသည်။

ယင်းကြောင့် စပါးရိတ်သိမ်းရန်အတွက် အလုပ်သမားမျာ ရှာဖွေကာ ဈေးအဆမတန်ပေး၍ ရိတ်သိမ်းခိုင်းနေရသည်ဟု ကင်းချောင်းကျေးရွာမှ လယ်သမားတစ်ဦးကပြောသည်။

“ရွာကလူတွေက စစ်ဘေးရှောင်နေကြတာ ဆိုတော့ ပြန်မသွားရဲ ကြဘူးလေ။ ဒါကြောင့် အနီး ပတ်ဝန်းကျင် ရွာတွေက မွတ်ဆလင်တွေကိုပဲ ပုံမှန်ဈေးတွေ ထက်ပိုပေးပြီး ငှါးထားရတယ်။ ဒါပေမယ့် အလုပ်သမားက တော်ရုံနဲ့ ရှာမရဘူး။ အခုလည်း အလုပ်သမား ရှာမရလို့ မရိတ်ရသေးတာ တွေ အများကြီး ကျန်သေးတယ်။ စပါးတွေ အကုန်လုံးကလည်း ရိတ်ချိန်တန်နေပြီ ဆိုတော့ တကယ်လို့ အလုပ်သမားသာရှာမရရင် ဆုံးရှုံးမှုတွေကတော့ အများကြီးဖြစ်မှာ”ဟု ကင်းချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

အလားတူ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာတွင်လည်း မြန်မာစစ်တပ်က တပ်စွဲနေထိုင်ကြသဖြင့် ရွာသားများမှာ စစ်ဘေးရှောင်နေကြရပြီး စပါးရိတ်သိမ်းရန် ပြန်လာခွင့်မပေးသောကြောင့်  မွတ်ဆလင် ရွာသားအချို့ကို ဖုန်းဆက်ငှါးရမ်းကာ ရိတ်သိမ်းခိုင်းနေရကြောင်းလည်း သိရသည်။

ယင်းကြောင့် ယခုလို စပါးရိတ်သိမ်းရမည့် ရာသီတွင် မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် အနီးနားပတ်ဝန်းကျင်များသို့ ပစ်ခတ်မှုများအား ရပ်တန့်ထားစေလိုပြီး လယ်သမားများအတွက် စပါးရိတ်သိမ်းရန် အချိန်အကန့်အသတ်တခု သတ်မှတ်ပေးစေလိုကြောင်း ဒေသခံလယ်သမားများက တောင်းဆိုနေကြသည်။

ယင်းတောင်းဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ရခိုင်ပြည်လုံး ဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ ဥက္ကဌ ဦးကျော်ဇံက ရခိုင်တောင်သူများမှာ အခက်အခဲ အမျိုးမျိုးကြားကနေ လယ်ယာများကို စိုက်ပျိုးခဲ့ရသဖြင့် ယခုကာလတွင် စပါးရိတ်သိမ်းပေးဖို့ အချိန်အကန့် အသတ်တစ်ခုကို ခွင့်ပြုသင့်ကြောင်း တိုက်တွန်းသည်။

“ဒီတောင်သူလယ်သမားတွေဟာ အခက်အခဲမျိုးစုံကြားထဲကနေ လုပ်ကိုင်နေကြရတာ ဖြစ်တဲ့အတွက် ဒီစပါးတွေကို မရိတ်သိမ်းလိုက်ရရင် အခက်ခဲက အင်မတန်ကြီးမားတဲ့အနေအထားကို ရောက်သွားနိုင်တယ်။ ဒါကြောင့် အစိုးရတရပ်အနေနဲ့ တောင်သူတွေရဲ့ဘဝကို ငဲ့ညှာပြီး ဒီလိုကာလမျိုးမှာ သူတို့အတွက် အခွင့်အရေးပေးဖို့အတွက် တိုက်တွန်းပြောချင်ပါတယ်”ဟု ဦးကျော်ဇံက DMG သို့ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် AA တို့ ပြီးခဲ့သည့် သြဂုတ်လအတွင်းမှ စတင်ကာ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး မြန်မာစစ်တပ်က လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာနေသောကြောင့် ဒေသခံများထိခိုက်သေဆုံးမှုများ မကြာခဏရှိနေသည်။

ထို့အပြင် မြန်မာစစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရခိုင်ဒေသတွင် အောက်တိုဘာလအ တွင်းက အရပ်သားသေဆုံးသူ (၆)ဦးနှင့် ဒဏ်ရာရရှိသူ (၂၁)ဦးအထိရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ(၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...