တော်လှန်ရေးအဖွဲ့များ၊ CDM ပြုလုပ်တိမ်းရှောင်လာသည့်၀န်ထမ်းများအား လက်ခံမထားရန် BGF ပြော

တော်လှန်ရေးအဖွဲ့များ၊ CDM ပြုလုပ်တိမ်းရှောင်လာသည့်၀န်ထမ်းများအား လက်ခံမထားရန် BGF ပြော

ကော့ကရိတ်၊ ကျုံဒိုးကျေးနယ်ဒေသကျေးရွာများဘက်နှင့် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များအတွင်းနေထိုင်ကြသည့် ဒေသခံများအနေဖြင့် တော်လှန်ရေးအဖွဲ့များ၊ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်တိမ်းရှောင်လာသည့် ၀န်ထမ်းများအား လက်ခံမထားရန် ကရင်နယ်ခြားစောင့်တပ်-BGF က ပြောဆိုမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ များကြောင့် မိမိတို့ရပ်ရွာတွင် တိုက်ပွဲ ဖြစ်ပါက ကျေးရွာပျက်စီးပြီး လူထုဒုက္ခရောက်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ ထိုသူများအား လက်မခံကြရန် မြို့တွင်းအခြေစိုက် BGF တပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း လိုက်လံ ပြောဆိုမှုများရှိနေသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ကျုံဒိုးမှာ BGF တွေက ရပ်ကွက်တွေထဲ PDF တို့၊ ပကဖ တို့၊ CDM တို့ လက်ခံမထားဖို့ သူတို့ကြောင့် ရွာပျက်မယ်၊ ရပ်ကွက် ပျက်မယ်ပေါ့၊ အခုဖြစ်နေတာတွေ သူတို့တွေကြောင့် မြို့ရွာမငြိမ်းချမ်းတာကို သူတို့ BGF က စောင့် ရှောက် ပေးနေတယ်ပေါ့၊ တရား၀င် ကြေညာတာတော့မဟုတ်ဘူး၊ ”ဟု ကျုံဒိုးမြို့ ချောင်းဖျားအပိုင်းတွင် နေထိုင်သူက ကေအိုင်စီသို့ ပြောသည် ။

ထို့အပြင် ည ၈ နာရီ အပြင်မထွက်ရန်၊ သေနတ်သံ၊ လက်နက်ကြီးသံများ ကျရောက်ပေါက်ကွဲမှု၊ တိုက်ပွဲ ဖြစ်ပွားနေမှုများအား လူမှုကွန်ရက်များပေါ် မတင်ကြရန် ခြိမ်းခြောက်ပြောဆိုမှုများရှိနေကြောင်းလည်း ၎င်း ဒေသခံက ဆက်ပြောသည်။

အလားတူ ကော့ကရိတ် နဘူး၊ ထီဖိုးစံ၊ နောင်တပွဲ ကျေးရွာများဘက်တွင်လည်း ထို့ကော်ကိုး ဒေသအခြေစိုက် ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ KNU/KNLA/PC အဖွဲ့များမှလည်း ဒေသတွင်းကျေးရွာများတွင် စစ်ဆေးရေး ဂိတ်စခန်းများတပ်စွဲကာ ကော့ကရိတ်တံတားဦးရပ်ကွက် အ၀င်နေရာအထိ ကင်းစခန်းပေါင်း ၂၀ ၀န်းကျင်ခန့်ချထားလက်ရှိသည်ဟု ဒေသခံများက ပြောသည်။

တော်လှန်ရေး လုပ်ဆောင်နေသူများ သွားလာ၀င်ထွက်နေမှုကြောင့် ဒေသအတွင်း ကျေးရွာများတိုက်ပွဲ ဖြစ်လာနိုင်ကြောင်း၊ စစ်တပ်စစ်ကြောင်း၀င်လာပြီး ကျေးရွာအပျက်မခံလိုပါက သတင်းပေးကြရန်ကိုလည်း ဖိအားပေးပြောဆိုမှုများရှိကြောင်းလည်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ရက်က ထီဖိုးစံ၊ မိဖာလဲ၊ နောင်ကိုင်း လမ်းဆုံနေရာနားမှာ PC ၀င်းကျော် အိမ်ကိုဘယ်အဖွဲ့က လာပစ်မှန်း မသိဘူး။ အိမ်လည်း မီးရှို့ပစ်လိုက်တာခံရတယ်၊ အဲ့ဒါက PDF တွေကြောင့် ဆိုတာမျိုး ရွာဘက်မှာ ပြောတာ တွေရှိတယ်၊ PDF တွေ လက်မခံနဲ့ ဗိုလ်ကျော်သက်တို့၊ ဗိုလ်လက်ပြတ်အဖွဲ့တို့လာရင် သတင်းပို့ဆိုတာမျိုး စစ်တပ်စစ်ကြောင်း ၀င်လာရင် ဖမ်းဆီးနှိပ်စက်ခံရမယ်ဆိုတာမျိုး ပြောတာတွေရှိနေတော့ ရွာမှာ မနေကြ တော့ဘူး၊ ဘုန်းကြီးကျောင်းအောက်မှာပဲ ပြောင်းနေနေကြတယ် ”ဟု ဒေသခံကျေးရွာသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ကော့ကရိတ်ဒေသအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်း ၄ ကြောင်းခန့်မှ တောင်ကြာအင်း၊ ရွာသစ်၊ ရန်ကုတ်၊ အာရှလမ်း၊ အောက်ဘိုတဲနေရာများဘက် စစ်ကြောင်း ထွက်လှုပ်ရှားနေပြီး ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်းမှ မြ၀တီမြို့၊ ဖားအံမြို့ဘက်အထိ BGF ၊ ငြိမ်းချမ်းရေးကောင်စီ-PC၊ DKBA အဖွဲ့ များမှ ဒေသတည်ငြိမ်ငြိမ်းချမ်းရေးအစီအစဉ်ဖြင့် လုံခြုံရေးလှည့်လည် ကင်းပတ်ပေးနေရကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် လက်နက်ကိုင်တပ်ဖွဲ့၀င်များထံမှ သိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...