ကယားတွင် အောက်တိုဘာလအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရ

ကယားတွင် အောက်တိုဘာလအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရ
ရွှေလွိုင်ကော် လူမှုကူညီရေးအသင်း
ရွှေလွိုင်ကော် လူမှုကူညီရေးအသင်း

ကယား(ကရင်နီ)ပြည်နယ်တွင် အောက်တိုဘာလအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများကြောင့် ဒေသခံ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ (၅)ဦးအထိရှိခဲ့ကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှ အောက်တိုဘာလ ၂၆ ရက်နေ့အထိ ကယား(ကရင်နီ)ဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများစွာရှိခဲ့ပြီး စစ်ဘေးရှောင်စခန်းများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူ တစ်ဦးကပြောသည်။

“အောက်တိုဘာ တစ်လအတွင်း တိုက်ပွဲဖြစ်ပွားနေဆဲအချိန် စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ အကြိမ်နှစ်ရာကျော်လောက်ရှိတယ်။ စစ်ရှောင်စခန်းတွေကို အများဆုံး ပစ်ခတ်ခံရတာများတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့မှုများအတွင်း အသက်(၄)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အသက်(၅၀)ကျော် အမျိုးသား(၂) ဦး၊ အသက် (၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၃၀)ကျော်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ပြီး ဒေသခံ ၂၀ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ရွှေလွိုင်ကော် လူမှုကူညီရေးအသင်းအဖွဲ့ထံက သိရသည်။

“လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အထဲမှာ အများဆုံးက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို အပိုင်းတွေက ထိခိုက်သေဆုံးတာများတယ်။ သေဆုံးသူထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က လွိုင်ကော်က အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဆိုရင် ကလေးကစားကွင်းထဲမှာ ရှိနေတုန်းက လက်နက်ကြီးကျည်မှန်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်”ဟု ရွှေလွိုင်ကော်လူမှု ကူညီရေးအသင်းအဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဆက်လက်ပြီး ၎င်းက “နောက် ဒီးမော့ဆိုက စစ်ရှောင်စခန်းထဲကို လက်နက်ကြီးကျည်ကျလို့ မိဘတွေ သေဆုံးသွားတဲ့အတွက် လေးလအရွယ်နဲ့ ရှစ်နှစ်အရွယ်ကလေးနှစ်ဦး မိဘမဲ့ဖြစ်သွားတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်။ ကျန်တာ ဒီးမော့ဆိုက အမျိုးသားတစ်ဦးနဲ့ မိုးဗြဲက အမျိုးသားတစ်ဦး စုစုပေါင်း ငါးဦးရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အယောက်နှစ်ဆယ်ရှိပြီးတော့ လူငယ်နဲ့ အသက်ကြီးပိုင်းတွေများတယ်”ဟု ဆိုသည်။

ယင်းသို့ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံများနေထိုင်ရာ စစ်ရှောင်စခန်းများနှင့် ကျေးရွာများသို့ ပစ်ခတ်မှုအများဆုံး ဖြစ်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းအဖွဲ့ကပြောဆို သည်။

“စစ်တပ်ရဲ့လေကြောင်းတွေနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေမှာ တိုက်ပွဲ မဖြစ်ဘဲနဲ့ပစ်ခတ်တာ အများဆုံးပဲ။ ပြီးတော့ စစ်ရှောင်တွေရှိမယ့် နေရာတွေနဲ့ ကျေးရွာတွေဘက်ကိုပဲ ပစ်ခတ်တာများတယ်”ဟု KNDF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူကပြောသည်။

ယင်းသို့ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒေသခံများနေထိုင်ရာ စစ်ရှောင်စခန်းများနှင့် ကျေးရွာများသို့ ပစ်ခတ်သည်ဟူသော ဒေသခံများစွပ်စွဲပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ထိုသို့ စစ်တပ်က လက်နက်ကြီးဖြင့် စစ်ရှောင်စခန်းများသို့ ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးခဲ့ရသည့်အတွက် လုံခြုံရေးအရ ပြောင်းရွှေ့ခဲ့ရသည့် စစ်ရှောင်စခန်းများစွာလည်းရှိနေကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသည့်အဖွဲ့များထံမှ သိရသည်။

Most read this week

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...