ဟိုင်းကြီးကျွန်းမှ ဖမ်းဆီးခံထားရသည့် ဒေသခံရခိုင် ၁၃ ဦးနှင့် အဆက်အသွယ်မရသေး

ဟိုင်းကြီးကျွန်းမှ ဖမ်းဆီးခံထားရသည့် ဒေသခံရခိုင် ၁၃ ဦးနှင့် အဆက်အသွယ်မရသေး
ဟိုင်းကြီးကျွန်းမြို့အဝင် ဆိုင်းဘုတ်။ ဓာတ်ပုံ - Facebook
ဟိုင်းကြီးကျွန်းမြို့အဝင် ဆိုင်းဘုတ်။ ဓာတ်ပုံ - Facebook

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ်တွင် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံထားရသည့် ဒေသခံ ရခိုင်တိုင်းရင်းသား(၁၃)ဦး၏ အခြေအနေကို ယနေ့အထိ တစ်စုံတစ်ရာမသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ငါးပြေမကျေးရွာနှင့် ဇီးချိုင်ကျေးရွာမှ ရခိုင်တိုင်းရင်းသား အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး (၃)ဦးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရပြီး တစ်လခန့်ကြာမြင့်လာသော်လည်း သတင်းတစ်စုံတစ်ရာ မရရှိသေးသဖြင့် ဖမ်းဆီးခံရသူများအတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ဇီးချိုင်ကျေးရွာမှ ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးက ဖခင်ဖြစ်သူက “သားကို အခုထိ အဆက်အသွယ်လည်း မရတော့ စိတ်ပူနေရတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က ငါးပြေမကျေးရွာမှ ဦးလှတင်၊ ဦးထွန်းကြည်နှင့် ဦးကုလားရှည်တို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း မိသားစုဝင်များထံမှ သိရသည်။

၎င်းတို့ကိုလည်း လက်ရှိအချိန်ထိ သတင်းအစအန မရရှိသေးသည့်အတွက် စိုးရိမ်နေရကြောင်း ဖမ်းဆီးခံရသူ ဦးလှတင်၏ မိသားစုဝင်တစ်ဦးကပြောသည်။

“ဘာမှလည်း မသက်ဆိုင်ပဲနဲ့ ဖမ်းသွားတာ။ အခုအထိကို ဘာမှကို မကြားရမသိရဘူး”ဟု ၎င်းမိသားစုဝင်က ဆိုသည်။

ထိုသို့ဖမ်းဆီးခံထားရသည့် ဟိုင်းကြီးကျွန်းဒေသခံ ၁၃ ဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မ- ၅၀၅(က)၊ မတရားသင်းအက်ဥပဒေပုဒ်မ- ၁၇(၁)နှင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)တို့ဖြင့် ဟိုင်းကြီးကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း အဆိုပါရဲစခန်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

“အခုသူတို့ကို PDF ၊ AA အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ နိုင်ငံရေးပုဒ်မနဲ့ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ မတရားအသင်းပုဒ်မတွေနဲ့ ဟိုင်းကြီးကျွန်းရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်။ အဲမှာပဲ အချုပ်ခံနေရတယ်”ဟု အဆိုပါ ရဲစခန်းနှင့်နီးစပ်သူက ပြောသည်။

ဟိုင်းကြီးကျွန်းဒေသခံများကို ဖမ်းဆီးအမှုဖွင့်ထားခြင်းနှင့်ပတ်သက်ပြီး DMG အနေဖြင့် အတည်ပြုနိုင်ရန် ကြိုးပမ်းနေပြီး လတ်တလောတွင် သီးခြားအတည်မပြုနိုင်သေးပေ။

ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ မောင်ပါ၊ ငါးပြေမ၊ မြို့သစ်၊ မရမ်းကွင်း၊ ကျုံးတန်း၊ မော်တင်နှင့် ဇီးချိုင် စသည့်ကျေးရွာများတွင် စစ်တပ်က ဧည့်စာရင်းစစ်ဆေးမှုများရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်းကလည်း ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ငါးပြေမနှင့် ကျုံးတန်းကျေးရွာတို့မှ ဒေသခံ ရခိုင် ၄၀ ဦးကျော်ကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တပ်မှ ဖမ်းဆီးမှုများရှိခဲ့သည်။

အပေါက်ဝကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
June 20, 2026
မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊...
June 20, 2026
ကားကြီး၊ ကားငယ်လေးတွေက လမ်းမပေါ်မှာ အချိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားလာနေကြတယ်။ လမ်းမကြီးရဲ့...
June 19, 2026
ရခိုင်ပြည်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မန္တလေး-မူဆယ် ရထားလမ်းအပါဝင် တရုတ်-...
ကျောက်တော်ကို အာဏာသိမ်းစစ်တပ်မှ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့။
June 18, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် အနီးတဝိုက်ကို မနေ့၊ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က...