မန္တလေးမြို့ ယာဉ်မောင်းပစ်သတ်ခံရမှုတွင် သေဆုံးသူသည်ကျောက်မျက်ကုန်သည်ဖြစ်၍ ကားပေါ်ပါ သိန်းသောင်းချီတန် ကျောက်စိမ်းများပျောက်ဆုံးနေဟုဆို

မန္တလေးမြို့ ယာဉ်မောင်းပစ်သတ်ခံရမှုတွင် သေဆုံးသူသည်ကျောက်မျက်ကုန်သည်ဖြစ်၍ ကားပေါ်ပါ သိန်းသောင်းချီတန် ကျောက်စိမ်းများပျောက်ဆုံးနေဟုဆို

မန္တလေးမြို့ ၃၅ လမ်းမီးပွိုင့်တွင်ဖြစ်ပွားခဲ့သည့်၊ စစ်ကောင်စီတပ်က ယာဉ်မောင်းတစ်ဦးအား ပစ်သတ်မှုဖြစ်စဉ်တွင်၊ ကားပေါ်ပါလာသော ကျပ်သိန်းသောင်းချီတန်ကြေးရှိသည့် ကျောက်စိမ်းအချောထည်များ ပျောက်ဆုံးနေကြောင်း၊ အသတ်ခံရသူနှင့် နီးစပ်သည့်အသိုက်အ၀န်းကတစ်ဆင့် သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ၀န်းကျင်ခန့်က၊ မန္တလေးမြို့လယ် ၃၅ လမ်းနှင့် ၇၃ လမ်းမီးပွိုင့်အနီးတွင် စစ်ကောင်စီတပ်က အိမ်စီးကားတစ်စီးအား နောက်ကနေလိုက်လံပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထိုပစ်ခတ်မှုတွင် ယာဉ်မောင်းဖြစ်သူသေဆုံးကြောင်း ကနဦးသတင်းများထွက်ခဲ့ပြီး၊ ယနေ့ နောက်ဆက်တွဲသိရသည့်သတင်းတွင် ကားပေါ်ပါလာသော ကျောက်စိမ်းအချောထည်များ ပျောက်ဆုံးနေကြောင်း၊ တန်ကြေးအားဖြင့် ကာလပေါက်ဈေး ကျပ်သိန်းသောင်းချီရှိကြောင်း အသတ်ခံရသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကပစ်သတ်လိုက်သူသည်၊ မန္တလေးမြို့ခံ ကျောက်စိမ်းကျောက်မျက်ရတနာကုန်သည်၊ အသက် (၆၀)၀န်းကျင်အရွယ် ဦးစိန်၀င်းဆိုသူဖြစ်ပြီး၊ ၎င်းပစ်သတ်ခံရပြီးနောက် ၎င်းမိသားစုက သွားရောက်စုံစမ်း ရာမှ ကားပေါ်ပါလာသောကျောက်စိမ်းများ ပျောက်ဆုံးနေသည်ကို သိရခြင်းဖြစ်သည်။

"ဦးစိန်၀င်းပစ်သတ်ခံရတော့ အလောင်းကောက်ခွင့်တောင်မပေးဘူး၊ ဘယ်သူမှလည်း အနားကပ်မခံဘူး၊ နာရီပိုင်းလောက်ကျမှ နာရေးအသင်းကားတစ်စီး၀င်လာပြီး အလောင်းသယ်သွားတာ၊ ကားကိုလည်း စကစတွေက သိမ်းသွားတာ" ဟု နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တပ်လော်ဘီသတင်းများတွင်မူ၊ ကားရပ်မပေးသဖြင့်၊ ပစ်ခတ်ရာမှ လမ်းဘေးယာဉ်ထိန်းရုံးကို ၀င်တိုက်ပြီး၊ ယာဉ်မောင်းသေဆုံးခြင်းဖြစ်ကြောင်းသာ သတင်းဖြန့်ထားပြီး၊ ပျောက်ဆုံးနေသည့် ကျောက်စိမ်းများနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာဖော်ပြထားခြင်းမရှိပေ။

ဦးစိန်၀င်း၏ နာရေးကိုလည်း မိသားစုကိုလာကြည့်ရန်သာ ခွင့်ပြုခဲ့ပြီး၊ အလောင်းပြန်မပေးဘဲ စစ်ကောင်စီတပ်က ၎င်းတို့အစီအစဉ် ဖြင့်သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...