ပုသိမ်မြို့ ဒေသခံ ၃၀ ကျော်ကို PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ စစ်ကောင်စီဖမ်းဆီး

ပုသိမ်မြို့ ဒေသခံ ၃၀ ကျော်ကို PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ စစ်ကောင်စီဖမ်းဆီး

မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ပုသိမ်မြို့ ဒေသခံ ၃၀ ကျော်ကို PDF များနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်များနှင့် ရဲများက ဖမ်းဆီးထားကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့၊ ညပိုင်းမှ စတင်ကာ ပုသိမ်မြို့ပေါ် ရပ်ကွက်များမှ ဒေသခံများအပြင် ၊ပုသိမ်တစ်ဖက်ကမ်းမှ ဒေသခံများကိုပါ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

"ပုသိမ်ဟိုဘက်ကမ်းက အဖမ်းခံရတာပိုများတယ်။ ပုသိမ်မြို့ပေါ်မှာလည်း အဖမ်းခံရတာတွေရှိတယ်။ ဘွက်ကြီးတန်းလမ်းက ဆရာဝန်တစ်ယောက်လည်း အဖမ်းခံရတဲ့အထဲမှာပါတယ်။ တော်တော်များများကို စစ်တပ်ထဲက စစ်ကြောရေးကို ခေါ်သွားကြတယ်လို့ သိရတယ်"ဟု ၎င်းကဆိုသည်။

ပုသိမ်မြို့ပေါ်မှ ဒေသခံ ၁၀ ဦးကျော်နှင့် ပုသိမ်မြို့တစ်ဖက်ကမ်းမှ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ရဲများက ဖမ်းဆီးထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့က ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PWDF)နှင့် ပတ်သက်သည်ဟုဆိုကာ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေသည့် ပုသိမ်မြို့ တစ်ဖက်ကမ်းနေ ကိုဖိုးလပြည့်(ခေါ်)ကိုစုအား စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခဲ့သည်ဟု PWDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖိုးလပြည့်(ခေါ်)ကိုစု ဆိုသူ ဖမ်းဆီးခံရပြီး ညပိုင်းမှစတင်ကာ ပုသိမ်မြို့နေ ဒေသခံ ပြည်သူများအား မတရားစွပ်စွဲ ဖမ်းဆီးနေကြခြင်း ဖြစ်သည်။

"ရန်ကုန်မှာ အဖမ်းခံရတဲ့ ဖိုးလပြည့်ရဲ့ အမျိုးတော်တော် များများလည်း ပုသိမ်မှာ အဖမ်းခံရတဲ့အထဲမှာပါတယ်။ စစ်တပ်ကတော့ ဟိုဘက်ကမ်းမှာ ညတိုင်းလိုလို ဝင်မွှေနေကြတယ်"ဟု ပုသိမ်တစ်ဖက်ကမ်းနေ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူများကို စစ်ကောင်စီတပ်များနှင့် ရဲများက ပုသိမ်မြို့ပေါ် ရဲစခန်းများနှင့် တပ်တွင်း စစ်ကြောရေးနေရာများ၌ စစ်ဆေးနေကြသည်ဟု ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...