နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် ကချင်နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့တွင် ဆေးဝါးလိုအပ်မှုများ ရှိနေ

နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် ကချင်နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့တွင် ဆေးဝါးလိုအပ်မှုများ ရှိနေ

ကချင်ပြည်နယ်အတွင်း နယ်လှည့်ပြီး အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတဲ့ ကချင်နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့ (Kachin Back Pack Health Worker Team) မှာ ဆေးဝါးလိုအပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လတ်တလောကာလအတွင်း ဆေးရုံ၊ ဆေးခန်း မရှိတဲ့ကျေးရွာတွေမှာ ဖျားနာတာတွေ အဖြစ်များနေတာကြောင့် ကွင်းဆင်းတိုင်း ဆေးဝါးလုံလောက်မှု မရှိဘူးလို့  အထက်ပါအဖွဲ့ရဲ့  တာဝန်ခံ MR.Z က မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ အခုက ဖျားနာတာတွေ တော်တော်များတော့ နေရာ ၇ ခုလောက်ဝင်မှာကို နေရာ ၂ ခုလောက်နဲ့ ကုန်သွားတယ်။ ဖြစ်တဲ့ရောဂါတွေလည်း တူနေတာ။ အဖျားမြင့်ပြီး ကလေးတွေအများစုဖြစ်နေတာ။ လိုနေတဲ့ဆေးဝါးတွေ ကျွန်တော်တို့ဆီမှာက မရှိဖြစ်နေတာ။ လူအင်အားတော့ရှိတယ်။ တကယ်လိုအပ်တဲ့နေရာတွေကိုရောက်ဖို့ ဆေးမရှိတော့ အခက်အခဲတွေရှိလာတယ်။” လို့ MR.Z က ဆိုပါတယ်။

Kachin Back Pack အဖွဲ့ကို ဆေးဝါးတွေကူညီနေတဲ့ အဖွဲ့အစည်းတွေဆီကနေ အခုနှစ်မှာ ဆေးဝါးမရောက် ရှိသေးတဲ့အပြင် အရင်က ကျေးရွာတွေကို တစ်လ တစ်ခါသာ ကွင်းဆင်းရပေမယ့် အခုအတောအတွင်း တစ်လကို သုံးလေးခါလောက် သွားရောက်ရတာကြောင့် ဆေးဝါးတွေ ပြတ်လပ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

လိုအပ်တဲ့ဆေးဝါးတွေကို မြစ်ကြီးနားမြို့မှာ ဝယ်ယူလို့ရပေမယ့် ဈေးမြင့်တက်မှုနဲ့ လိုအပ်တဲ့ဆေးဝါး များတာကြောင့် အခက်အခဲရှိတယ်လို့ သူက ဆက်လက်ပြောပါတယ်။

“ တနိုင်းမှာ ကလေးတွေ အရေပြားနဲ့ဆိုင်တာ ဖြစ်နေတာတွေ အဲဒီဆေးတွေက မြစ်ကြီးနားမှာရှိတယ်။ ဒါပေမယ့် ဈေးကြီးတယ်။ ဆေးတစ်ခုကို ခုနှစ်ထောင်ကျော်ရှိတယ်။ တချို့ဆိုင်တွေမှာ ခြောက်ထောင်ကျော် ငါးထောင်ကျော်ရှိတယ်။ အဲဒါက တစ်ယောက်ကို တစ်ခု တစ်ခုတော့ လိုမှာပေါ့နော်။ တစ်ခုတောင်လောက်ချင်မှ လောက်မှာဆိုတော့ ရာဂဏာန်းလောက်ပြန်လိုလာတာ ကျွန်တော်တို့က ငွေကြေးက မရှိဖြစ်နေတော့ ခက်ခဲနေတာပေါ့။” လို့ MR.Z က အခက်အခဲကို ရှင်းပြပါတယ်။

လက်ရှိလိုအပ်နေတဲ့ဆေးဝါးတွေကတော့ ကလေး အဖျားကျဆေးရည် ၊ နှာစေး ချောင်းဆိုးပျောက်ဆေးရည်နဲ့ အရေပြားဆိုင်ရာ လိမ်းဆေးတွေအပြင် ပါရာစီတမော စားဆေး၊ ဗီတာမင်စီ စတဲ့ဆေးဝါးတွေ လိုအပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။

Kachin Back Pack Health Worker Team အနေနဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ပူတာအို၊ မချမ်းဘော့ ၊ ဖားကန့်၊ တနိုင်း၊ ရှင်ဗွေယန် စတဲ့ မြို့နယ် (၉) ခုမှာ နယ်လှည့်ဆေးဝါးကုသနေတာဖြစ်ပြီး မြစ်ကြီးနားမြို့က နန့်ကွေ့၊ နန်ကျင် စတဲ့ကျေးရွာတွေဘက်မှာလည်း ဆေးဝါးကုသမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...