စစ်ဘေးတိမ်းရှောင်နေရသည့် ဆယ်ဇင်းကျေးရွာက ကျောင်းသူ/သားများ ပညာသင်ခွင့်ဆုံးရှုံး

စစ်ဘေးတိမ်းရှောင်နေရသည့် ဆယ်ဇင်းကျေးရွာက ကျောင်းသူ/သားများ ပညာသင်ခွင့်ဆုံးရှုံး

စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက ကျောင်းသူ/သားတွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေတာ (၃) နှစ်လောက်ရှိနေပါပြီ။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၆) ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ KIA တို့ရဲ့ တိုက်ပွဲကြောင့် ဆယ်ဇင်းကျေးရွာဒေသခံ (၂၀၀၀) ကျော်ဟာ ဖားကန့်မြို့နယ်ထဲက ဟောင်းပါးကျေးရွာ နဲ့ တာမခံကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လက်ရှိချိန်ထိ လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ဆက်လက် နေထိုင်နေကြရတာပဲ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ စတင်ကူးစက်မှု ဖြစ်ကတည်းက ဆယ်ဇင်းကျေးရွာက ကျောင်းတွေ ပိတ်ထားခဲ့ရသလို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရလို့  ကျောင်းသူ/သားတွေဟာ အခုနှစ်အတွက် ပညာသင်ခွင့် ထပ်မံဆုံးရှုံးရ ပြန်ပါတယ်။

အချို့မိဘတွေကတော့ ပညာရေးနဲ့ပတ်သက်ပြီး အဆက်ပြတ်သွားမှာကို မလိုလားတာကြောင့် ခက်ခက်ခဲခဲနဲ့ အတတ်နိုင်ဆုံး အပြင်ကျူရှင်တွေ၊ နီးစပ်တဲ့နေရာတွေမှာ စာသင်ခိုင်းတာမျိုးတွေတော့ ရှိတယ်လို့ ဆယ်ဇင်းကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ကျောင်းသားမိခင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“သားက ရှစ်တန်း (၃) နှစ်ရှိပြီကျောင်းမတက်တာ။ တစ်တန်းအရွယ် သမီးတစ်ယောက်ရှိတယ်။ အဲဒါ သူတို့ကို အပြင်ကျူရှင်မှာပဲ ထားထားတယ်လေနော်။ ကွန်ပျူတာသင်ခိုင်းထားတယ်။ နီးစပ်ရာတွေမှာပဲ ကိုယ့်သားသမီးတွေကို စာလေးတွေ နည်းနည်းလိုက်နိုင်အောင်လို့ သင်ကြားပေးတာပေါ့လေနော်”

စားဝတ်နေရေးပြေလည်စေဖို့ အဓိက ဖြေရှင်းနေကြရတဲ့အချိန် သားသမီးတွေရဲ့ ပညာရေးကို ဦးစားပေးနိုင်တဲ့ အခြေအနေမရှိတာကြောင့် ပညာသင်ကြားခွင့်မရတဲ့ ကလေးအချို့မှာ အသက်မပြည့်သေးပဲ အိမ်ထောင်ပြုတဲ့အထိ ရှိလာတယ်လို့ နောက်ထပ် ဆယ်ဇင်းကျေးရွာ ဒေသခံ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာ ခက်ခက်ခဲခဲနေထိုင်နေကြရတဲ့ အခြေအနေကြောင့် သား/သမီးတွေရဲ့ ပညာရေးကို ဦးစားမပေးနိုင်ဘဲ ဖြစ်နေပြီး အနာဂါတ်ပညာရေးအတွက် စိုးရိမ်နေကြတာပါ။

“စစ်ဖြစ်လိုက်တော့ မိဘတွေကလည်း အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်။ စီးပွားဥစ္စာတွေလည်း ဆုံးရှုံးသွားတယ်။ မိဘတွေရော ကလေးတွေရော ကျောင်းသား/သူတွေရောက နီးစပ်ရာ စစ်ဘေးရှောင်စခန်းမှာနေရတဲ့အတွက် ပိုပြီးတော့ ဒုက္ခရောက်သွားတာပေါ့။ စာရွက်စာတမ်တွေရောမရှိဘူး။ အခုအနေထားက ကလေးတွေအနေနဲ့ ပညာသင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထား ရှိနေပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးတွေကို စုပြီးပညာသင်ကြားမယ်ဆိုရင်လည်း စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာက ဖြစ်ရပ်လိုမျိုးဖြစ်မှာကို ကျောင်းသားမိဘတွေအနေနဲ့ စိုးရိမ်နေကြတာကြောင့် ကလေးတွေရဲ့ ပညာရေးမှာ ဝေးသထက် ဝေးလာနေကြရတယ်လို့လည်း ဒေသခံက ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာမှာ ပုံမှန်ဆိုရင် KG ကနေ (၁၀) တန်းအထိ တစ်နှစ်ကို ကျောင်းသား (၁၂၀၀) ကျော်လောက် တက်ရောက်သင်ကြားလျက်ပြီးတော့ လက်ရှိ ထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေထဲမှာ မူလတန်းနဲ့ အလယ်တန်းကျောင်းသူ/သားတွေ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဆယ်ဇင်းကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွင်းက အိမ်ခြေ (၄၀၀) လောက် မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ပြည်သူအယောက် (၅၀) လောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...