ဆယ်ဇင်းကျေးရွာ ပြန်လည်ထူထောင်ရေး ကော်မတီ ဖွဲ့စည်းသော်လည်း အများစုမှာ ရွာအတွင်းပြန်ဝင်လိုစိတ် မရှိသေး

ဆယ်ဇင်းကျေးရွာ ပြန်လည်ထူထောင်ရေး ကော်မတီ ဖွဲ့စည်းသော်လည်း အများစုမှာ ရွာအတွင်းပြန်ဝင်လိုစိတ် မရှိသေး

တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ အတွက် ပြန်လည် ထူထောင်ရေး ကော်မတီတွေဖွဲ့စည်းထားပြီ ဖြစ်ပေမယ့် ဒေသခံ အများစုကတော့ ရွာအတွင်းကို ပြန်ဝင်လိုစိတ် မရှိကြသေးဘူးလို့ သိရပါတယ်။

ဒေသခံအချို့က ရွာအတွင်း ပြန်လည်ဝင်ရောက်ချင်ပေမယ့် ရွာအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့  သတ်မှတ်ချက်တွေအပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဘက်ကလည်း ပြန်လည် ဝင်ရောက်ဖို့အတွက်တစ်စုံတစ်ရာမှ ပြောဆိုတာမျိုးမရှိသေးတာကြောင့် အများစုကတော့ မပြန် ရဲကြသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီဘက်ကနေ သတ်မှတ်ချက်တွေနဲ့ တစ်နေ့မှာ လူ (၅)  ယောက်လောက်ကို  ဝင်ခွင့်ပေးနေပြီးပစ္စည်းတွေ သယ်ယူရင် စစ်ကောင်စီ ကို ငွေကြေးပေးဆောင်ရတယ်လို့ ဆယ်ဇင်းကျေးရွာကနေ ထွက်ပြေးတိမ်း ရှောင်ခဲ့ တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ တန်ဖိုးမရှိတဲ့ ပစ္စည်းတွေပဲကျန်တာပေါ့။ ပြောမယ်ဆိုရင်တော့ အိမ်က အခွံတွေပဲ ရှိတော့တာ” လို့ ပြောဆိုခဲ့တာပါ။

ဆယ်ဇင်းကျေးရွာတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဆယ်ဇင်းကျေးရွာအနီးက ဒေသတွေဖြစ်ကြတဲ့ ရွှေတွင်း၊ရွှေပြည်မြင့် နဲ့ လမ်းဆုံ ကျေးရွာက ဒေသခံတွေအထိပါ တိမ်းရှောင်နေကြရတာဖြစ်ပြီး ရွာအတွင်း ပြန်ဝင်လိုစိတ် မရှိဘူးလို့လည်း ဆယ်ဇင်းကျေးရွာသား တစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့ ကိုယ်တိုင်လည်း မသွားတော့ဘူးလေ။ သွားဖို့လည်း ဆန္ဒမရှိတော့ဘူးပေါ့နော်” လို့ ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာရဲ့ ဝင်ပေါက်ထွက်ပေါက်တိုင်းကို စစ်ကောင်စီဘက်ကနေ ထိန်းချုပ်ထားပြီး တောလမ်းဖြစ်တဲ့ နမ့်ပုတ်ကျေးရွာဘက်က လမ်း ကနေသာ ဝင်ထွက်ခွင့်ပြုထားပြီးတော့  အခုလို ဝင်ခွင့် ပေးတာ  (၁၅) ရက်လောက် ပဲရှိသေးတယ်လို့လည်း သိရပါတယ်။

ဆယ်ဇင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၆) ရက်နေ့က စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တွေနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီကနေ ဒေသခံတွေရဲ့ လူနေအိမ် (၄၀၀) နီးပါး မီးရှို့ဖျက်ဆီးခဲ့သလို လူအယောက် (၅၀) နီးပါးသတ်ဖြတ် ခံခဲ့ရပြီး ဒေသခံ (၂၀၀၀) ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာပါ။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...