လီဒိုလမ်းမပေါ်ရှိ နောင်းမီကျေးရွာတွင် ဝက်နာကျပြီး ဝက်သေဆုံးမှု များလာ

လီဒိုလမ်းမပေါ်ရှိ နောင်းမီကျေးရွာတွင် ဝက်နာကျပြီး ဝက်သေဆုံးမှု များလာ

ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်း၊ လီဒိုလမ်းပေါ်က ကျေးရွာတစ်ခုဖြစ်တဲ့ နောင်းမီကျေးရွာမှာ ဝက်နာကျပြီးဝက်သေဆုံးမှုတွေ များ လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ လဆန်းပိုင်းကနေစပြီး  နေ့တိုင်းနီးပါး ဝက်တွေ သေဆုံးနေပြီးတော့ လက်ရှိအချိန်ထိ အကောင်ရေ (၅၀) လောက် ရှိသွားပြီဖြစ်တယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြော ပါတယ်။

 “ဝက်တွေ အရမ်းသေနေတယ်။ နေ့တိုင်း သေပြီး ရေတွေမှာ မျှော၊ မြှုပ် တာတွေ လုပ်နေရ တယ်။ နေ့တိုင်း ဖြစ်နေတာ။ ဝက်သားတောင် မစားသလောက် ဖြစ်သွားပြီ နောင်းမီမှာ။ အိမ်မှာ ရှိရင် ရှိသလောက်ကို  အကုန် သေတာ”လို့ဆိုပါတယ်။

ဝက်နာကျတဲ့ ဝက်တွေဟာ အစာမစားတော့ဘဲ နေ့ချင်းဆိုသလို သေဆုံးတာတွေ ဖြစ်နေပြီး ကူးစက်မှု မြန်နေတယ်လို့ ဆိုပါတယ်။

ရွာအတွင်း ဝက်တွေ သေဆုံးမှု‌ တွေဟာ စိုးရိမ်စရာ ဖြစ်လာပြီး ဒေသခံပြည်သူတွေ ဝက်သားဝယ်ယူစား သုံးသူတွေ မရှိသလောက် ဖြစ်သွားပြီလို့ နောက်ထပ်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ရွာအစွန်းကနေ အကုန် ဒီဘက်ပိုင်းရော ဝက်တွေ သေကုန်ကြပြီ။ ချုံ‌တွေ၊ ချောင်းတွေမှာ ဝက်သေတွေ ရှိနေတယ်ပြောတယ်။ ဝက်ရောင်းတဲ့ သူတွေကိုလည်း လူကြီးတွေကနေ မရောင်းဖို့ ပြောထားတယ် လို့ကြားတယ်” လို့ပြောပါတယ်။

 လက်ရှိအချိန်မှာ ဝက်နာကျတဲ့ ဝက်တွေကို ဆေးဆရာတွေကနေ ဆေးထိုးကုသပေးတာတွေ ရှိပေမယ့် ထိန်းချုပ်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

 အခုလို ဝက်နာကျတာဟာ အောက်ပိုင်းကနေ သယ်ယူလာပြီး လမ်းတစ်ဝက်မှာ သေသွားတဲ့ ဝက်တွေကို နောင်းမီကျေးရွာ အပြင်ဘက်တွေမှာ ပစ်ချထား တာတွေ ရှိတာကြောင့် အဲဒီကနေ တစ်ဆင့် ရွာအတွင်းက ဝက်တွေဆီ ကူးစက်လာတာ ဖြစ်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

နောင်းမီကျေးရွာဟာ အိမ်ခြေ (၁၀၀၀) ထောင် ဝန်းကျင်လောက်ရှိပြီး အိမ် တိုင်းနီးပါး ဝက်မွေးမြူကြတယ်လို့လည်း သိရပါတယ်။

အခုလို  ကူးစက်မှု မြန်ဆန်နေတာကြောင့် လူတွေဆီ ကူးစက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...