Published
Saturday, August 26, 2017
အမျိုးသမီးများလိုအပ်ချက်အတွက်ချိတ်ဆက်ဖြေရှင်းနိုင်ဖို့ ရှမ်း/တောင် အမျိုးသမီးကွန်ရက် ပထမအကြိမ် တွေ့ဆုံဆွေးနွေး
အမျိုးသမီးများအားလုံး၏ လိုအပ်ချက်အသီးသီးကို အဖွဲ့အစည်းအချင်းချင်း ချိတ်ဆက်ပြီး ကူညီဖြေရှင်းနိုင် ရန်အတွက် ပထမအကြိမ်တွေ့ဆုံဆွေးနွေး ပွဲကို သျှမ်း(ရှမ်း) ပြည်တောင်ပိုင်း တောင်ကြီးမြို့၌ သျှမ်း/တောင် အမျိုးသမီးကွန်ရက်မှ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သြဂုတ် ၂၅ ရက်နေ့တွင်ပြုလုပ်သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ အမျိုးသမီး အရေးလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့ တက်ရောက်ခဲ့ကြပါသည်။
ဒေသအသီးသီးရှိ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျား/မ ရေးရာ ခွဲခြားဆက်ဆံမှုကို ဖြစ်တည်စေသည့် ဓလေ့ထုံးစံများနှင့် အမြင်သဘောထားများပပျောက်စေရန် ဆောင်ရွက်ခြင်း ၊ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်များမရှိစေရန် ဆောင်ရွက်ခြင်း စသည်တို့ကို လုပ် ဆောင်သင့်ကြောင်း၊ ယနေ့ခေတ်အမျိုးသမီးများသည် မီးဖိုချောင်တွင်သာ အချိန်ကုန်ဆုံး နေရသည့် ခေတ် မဟုတ်တော့ကြောင်း သျှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး (အမျိုးသမီးရေးရာ ကော်မတီဥက္ကဌ) ဒေါက်တာ အောင်သန်းမောင် ကပြောသည်။
“အရင်က အမျိုးသမီးတွေ အိမ်တွင်းမှာပဲနေတယ်၊ အိမ်တွင်းကိစ္စတွေ ပဲဆောင်ရွက်တယ် ခုခေတ်မှာ လူမှု ရေးနယ်ပယ် မှာကော စီး ပွားရေး နယ်ပယ်မှာကော သူတို့မှာရှိတဲ့ အရည်အချင်းတွေကို ဦးဆောင် နိုင်တယ် ဆိုတာ ပြသဖို့အတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်၊ အမျိုးသမီးတွေရဲ့ လိုအပ်ချက် အသီးသီးကို ဒီမှာ ရှိတဲ့ ကွန်ရက်အားလုံးချိတ်ဆက်ပြီးတော့မှ ကူညီဖြေရှင်းသွားဖို့ ဆောင်ရွက်နေပါတယ် ” ဟု (Morning Star) မသန်စွမ်းအဖွဲ့အစည်းမှ ဆရာမ ဒေါ်သန်းနွယ်အောင် ကပြောသည်။
အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူရည်တူ အခွင့်အရေးရှိပြီး တန်းတူလုပ်ကိုင်နိုင်ခြင်းနှင့် တန်းတူညီမျှမှုအားလုံးရရှိရန် အခွင့်အရေး ရှိရန် အတွက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သျှမ်း/ တောင် အမျိုး သမီးအဖွဲ့ ညှိနှိုင်းရေးတာဝန်ခံ ဒေါ်မျိုးနွယ်စီ ကပြောသည်။
“ဒါပေမယ့် ခုလောလောဆယ် အမျိုးသမီးစွမ်းဆောင်ရည် မြင့်တင်ပေးဖို့ ကဏ္ဍ ၊ ခေါင်းဆောင်မှုပိုင်းမှာ ပါဝင်နိုင်ဖို့ အခန်းကဏ္ဍတွေမှာ ကျမတို့ အဓိကထားပြီးလုပ်ဆောင်မယ်။ ဒါပေမယ့် ကြားထဲမှာ အမျိုးသမီးအကြမ်း ဖက်မှုတွေရှိမယ်။ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီမယ်။ အမျိုးသမီးတွေ အများဆုံး ခံစားရ တာက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လည်းရှိတယ်” ဟု ဒေါ်မျိုးနွယ်စီ ကပြောသည်။
သျှမ်းတောင်အမျိူးသမီးများ ကွန်ရက် အဖွဲ့ကို ၂၀၁၄ တွင် စတင်ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က အဖွဲ့ အစည်း ၁၀ ခု ပါ၀င်ပါသည်။ ယခုချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ အဖွဲ့အစည်း ၂၅ ဖွဲ့နှင့် မိတ်ဖက်နယ် အဖွဲ့ (၁၅) ဖွဲ့ စုစုပေါင်း သျှမ်း/တောင် အမျိုးသမီးများကွန်ရက်သည် အဖွဲ့အစည်းပေါင်း ၄၀ ပါဝင်ပါသည်။







