ရိုဟင်ဂျာ ၈ သိန်းကျော်၏ အချက်အလက်များကို ဘင်္ဂလားဒေ့ရှ် ပေးပို့

ရိုဟင်ဂျာ ၈ သိန်းကျော်၏ အချက်အလက်များကို ဘင်္ဂလားဒေ့ရှ် ပေးပို့

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာ ဒုက္ခသည် ၈၂၉,၀၃၆ ဦး၏ အချက်အလက်များကို မြန်မာအာဏာပိုင်များထံသို့ အဆင့် ၆ ဆင့်ဖြင့် ပေးပို့ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ခါလီလုရ် ရာမန် (Khalilur Rahman) က လွှတ်တော်တွင် ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီအထိ မြန်မာဘက်မှ လူဦးရေ ၃၅၄,၇၅၁ ဦးကို စိစစ်အတည်ပြုထားပြီး၊ ထိုအနက် ၂၅၃,၉၆၄ ဦးကို “မြန်မာနိုင်ငံတွင် ယခင်နေထိုင်ခဲ့သူများ” ဟု သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း မြန်မာအတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လက်ရှိအချိန်တွင် ပြန်လည်နေထိုင်ရေး လုပ်ငန်းစဉ်ကို စတင်နိုင်ခြင်းမရှိသေးကြောင်း ထပ်လောင်းပြောကြားသည်။

“လုံခြုံရေးအခြေအနေများ မပြည့်စုံသေးသဖြင့် ဒုက္ခသည်များ၏ လုံခြုံပြီး ဂုဏ်သိက္ခာရှိသော ပြန်လည်နေထိုင်ရေး မဖြစ်နိုင်သေးပါ” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် “လုံခြုံ၊ မိမိဆန္ဒအရ နှင့် ဂုဏ်သိက္ခာရှိသော ပြန်လည်နေထိုင်ရေး” ကိုသာ တည်တံ့သော ဖြေရှင်းနည်းအဖြစ် မြင်ကြောင်းနှင့် နိုင်ငံတကာ၏ ပံ့ပိုးမှုဖြင့် သံတမန်ရေး၊ ဥပဒေရေးနှင့် လူသားချင်းစာနာထောက်ထားရေး ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ (United Nations General Assembly) ၏ ၈၀ ကြိမ်မြောက်အစည်းအဝေးအတွင်း ရိုဟင်ဂျာအရေးအခင်းနှင့်ပတ်သက်သော အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး၊ ပြန်လည်နေထိုင်ရေးကို ရေရှည်ဖြေရှင်းနည်းအဖြစ် တင်ပြခဲ့ကြောင်းလည်း ၎င်းက ထောက်ပြသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice) တွင် ဆောင်ရွက်နေသော “ဂမ်ဘီယာ နှင့် မြန်မာ” လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုကိုလည်း ရည်ညွှန်းပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ အမှု၏ အဓိကကြားနာမှုများ ကျင်းပခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of Islamic Cooperation (OIC) မှတဆင့် အမှုကို ထောက်ခံပံ့ပိုးထားပြီး ငွေကြေးကူညီမှုများလည်း ပေးအပ်ထားကြောင်း သိရသည်။

ထို့ပြင်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council )တွင်လည်း ရိုဟင်ဂျာအရေးကို ဆက်လက်ဆွေးနွေးနေပြီး၊ မတ်လ ၁၂ ရက်တွင် ဘင်္ဂလားဒေ့ရှ်မှ လူ့အခွင့်အရေး၊ ပြန်လည်နေထိုင်ရေး အခက်အခဲများနှင့် တာဝန်ယူမှုအရေးအကြောင်း အထူးအစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့သည်။

လာမည့် OIC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်လည်း ရိုဟင်ဂျာအရေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက် ၂ ချက်ကို လက်ခံမည်ဟု မျှော်လင့်ထားပြီး၊ ဘင်္ဂလားဒေ့ရှ်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

April 22, 2026
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခေါ်လီလူရ် ရာမန် (Khalilur Rahman ) က ရိုဟင်ဂျာ...
April 11, 2026
အိန္ဒိယအာဏာပိုင်များက မြန်မာနိုင်ငံသို့ အတင်းအကြပ်ပြန်ပို့ခံရပြီး နောက်ပိုင်းတွင်...
April 10, 2026
ကော့စ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကြက်ငှက်တုပ်ကွေး (ရေကျောက်) ရောဂါ (Chickenpox)...
မောင်တောမြို့နယ်တွင် ရိုဟင်ဂျာ အိမ် ၆ လုံး မီးလောင်ပျက်စီး
April 9, 2026
မတ်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မောင်တောမြို့နယ် မောင်နီရပ်ကွက်တွင် မီးလောင်မှုတစ်ခု...