ရခိုင်တွင် မတ်လအတွင်း လေကြောင်း၊ မိုင်းနှင့် ARSA အန္တရာယ်ကြောင့် ၁၂၈ ဦးသေဆုံး

ရခိုင်တွင် မတ်လအတွင်း လေကြောင်း၊ မိုင်းနှင့် ARSA အန္တရာယ်ကြောင့် ၁၂၈ ဦးသေဆုံး
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။

၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး ၊မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်နှင့် ARSA အဖွဲ့တို့၏ သတ်ဖြတ်မှုတို့ကြောင့် အရပ်သား သေဆုံးသူ ၁၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၄၉ ဦး ထိရှိကြောင်း DMG ကောက်ယူထားသည့် စာရင်းအရ သိရသည်။

သေဆုံး ဒဏ်ရာရရှိမှု ဖြစ်စဉ်ထဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး ဖြစ်ပြီး သေဆုံးသူ ၁၂၄ ဦး နှင့် ဒဏ်ရာရရှိသူ ၃၆ ဦး ရှိသည်။ ယင်းအပြင် စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် သေဆုံးသူ ၂ ဦး နှင့် ဒဏ်ရာရရှိသူ ၆ ဦး ရှိသည့်အပြင် ARSA သတ်ဖြတ်မှုကြောင့် ၂ ဦး သေဆုံးခဲ့ရသည်။

စစ်ကောင်စီသည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သား နေထိုင်ရာ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အဦနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းကြောင့် သေဆုံး ဒဏ်ရာရရှိသူ ဦးရေမှာလည်း လစဉ်မြင့်တက်နေသည်။

“ ရခိုင်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း အရပ်သား သေဆုံးမှုကတော့ သိသိသာသာ မြင့်တက်လာတာ တွေ့ရတယ်။ စစ်သုံ့ပန်း အကျဉ်းထောင် တစ်ခုတည်းမှာတင် ၁၁၆ ဦး သေဆုံးခဲ့တာ ဆိုတော့ အရင်လကထက် အများကြီး တိုးမြှင့်လာတာတွေ့ရတယ် ” ဟု DMG သုတေသနဌာနက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်များမှာ ရခိုင်ဒေသတွင် မကြာခဏ ဆိုသလို ရှိနေခြင်းများကြောင့် စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေကြပြီး စစ်ကောင်စီကို အရေးယူပေးရန်လည်း နစ်နာသူများက တောင်းဆိုနေကြသည်။

စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် သေဆုံးသူ မိသားစုဝင် ဒေါ်လှနုမေ “ ကျမတို့ ပြောချင်တာက အခုလို ရခိုင်ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်နေတာကို နိုင်ငံတကာက တာဝန်ရှိသူတွေ မမြင်ကြဘူးလား။ အခုလို စစ်ကောင်စီက ပြည်သူတွေကို ရက်ရက် စက်စက် သတ်နေတာကို ထိုက်တန်တဲ့ အပြစ်တွေနဲ့ အရေးယူ ပေးစေချင်တယ်။ အခု ကိုယ့်အိမ်မှာ နေရင်တောင် ဘယ်နေ့ အိမ်ကို ဗုံးကျလာမလဲ ဆိုပြီး တွေးရင်း စိတ်ဒဏ်ရာတွေ ရနေတယ် ” ဟု ဆိုသည်။

ဒေါ်လှနုမေ၏ ညီမဖြစ်သူသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဥပဒေအရ အရပ်သားများကို ကာကွယ်ပေးရန်နှင့် အရပ်သားများကို ထိခိုက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးမပြုရန် ဖော်ပြထားသော်လည်း စစ်ကောင်စီမှာ ထိုအချက်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေဆဲ ဖြစ်သည်။

ပြီးခဲသည့် မတ်လ ၈ ရက်နေ့က အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်း အကျဉ်းစခန်းကို စစ်ကောင်စီက ၃ နာရီ ကြာအောင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...