Published
Saturday, August 26, 2017
တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရာတွင် ပြည်သူနှင့် ပူးပေါင်းမှ အောင်မြင်မည်ဟု ချင်းပြည်နယ်ဝန်ကြီးချုပ်ပြော
ချင်းပြည်နယ်အတွင်းရှိ တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းခြင်းဆိုင်ရာတွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောသည်။
အဆိုပါကိစ္စကို ဟားခါးမြို့ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် သြဂုတ်လ ၂၄ ရက်နေ့၌ ကျင်းပသည့် ချင်းပြည်နယ် အတွင်းရှိ တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝ နယ်မြေများထိန်းသိမ်းခြင်းဆိုင်ရာ အစည်းအဝေး တွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဟားခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။
ချင်းပြည်နယ်သည် သဘာဝအားဖြင့် တောင်တန်းဂေဟစနစ်တွင် ပါဝင်ပြီး ထူးခြားသည့်ဘူမိရုပ်သွင်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများရှိကြောင်း၊ သဘာဝဂေဟစနစ်များကို လေးစားတန်ဖိုးထားပြီး တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းခြင်းတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောသည်။
ဆက်လက်၍ ဝန်ကြီးက “တောရိုင်းတိရစ္ဆာန်များ စည်းကမ်းမဲ့သတ်ဖြတ်ခြင်းမရှိစေရေးအတွက် တားဆီးပိတ်ပင်ကာ ကျူးလွန်သူများကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန်လိုအပ်တယ်၊ နောင်လာနောက်သား မျိုးဆက်သစ်များအတွက် သဘာဝပတ်ဝန်းကျင်ကောင်းများ ဆက်လက်ထိန်းသိမ်းပြီး လက်ဆင့်ကမ်းပေးနိုင်ရန် လိုတယ်။
”လွန်ခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် ခိုနှုမ်းသုန်သတင်းဌာနတွင် ရေးသားဖော်ပြချက်မှာ ချင်းအက်ဥပဒေအရ ချင်းပြည်နယ်တွင် လိုင်စင်မဲ့သေနတ် ကိုင်ဆောင်ပါက ထောင်ဒဏ် (၇) နှစ်ထိ ချခံနိုင်သည့်အတွက် လိုင်စင်မဲ့သေနတ်ကိုင်ဆောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနသို့ အပ်နှံကြရန် ချင်းပြည်နယ်ဥပဒေအရာရှိချူပ် ပူးဆန်နီထန်ကျူံးကပြောဆိုခဲ့သည်။
“ချင်းအက်အရ ချင်းပြည်နယ်မှာ လိုင်စင်ရှိတဲ့သေနတ်တော့ကိုင်ဆောင်ခွင့်ရှိတယ် ခုနောက်ပိုင်းတော့ လိုင်စင်ထုတ်မပေး တော့ဘူး၊ ကျေးရွာတွေမှာ ရ၅ ရာခိုင်နှုန်းလောက်က လိုင်စင်မဲ့သေနတ်တွေဘဲကိုင်နေကြတယ်၊ လွှတ်တော်ကလည်း တောရိုင်းတိရိစ္ဆာန်တွေ ချင်းပြည်နယ်မှာ မျိူးပျက်တော့မယ်ကာကွယ်ဖို့လိုလာပြီဆိုပြီး ပြောတာတွေရှိ တာပေါ့နော်၊ ဒါကြောင့် သေနတ်တွေရှိတယ် ဆိုရင်တော့ မကိုင်တော့နဲ့ ရဲမှာအပ် ဒါမှမဟုတ်ရင် လွင့်ပစ်ကြပါ’’ ဟု ပူးဆန်နီထန်ကျူံးကပြောဆိုခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပြီ ဖြစ်သည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ်ဦးဆန်နီထန်းကျုံးက တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကိုလည်းကောင်း၊ ခေတ္တပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးလွင်မိုးက ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ လိုင်စင်မဲ့ လက်နက်များ ကိုင်ဆောင်မှုမရှိစေရေးနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဝင်းနိုင်က တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးအတွက် သစ်တောဦးစီးဌာနမှ ဆောင်ရွက်နိုင်မှုအခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။







