"ဝ" ၊ မိုင်းလားနှင့် SSPP အဖွဲ့တို့ စစ်ခေါင်းဆောင်နှင့် ဒုတိယအကြိမ်တွေ့ဆုံ

"ဝ" ၊ မိုင်းလားနှင့် SSPP အဖွဲ့တို့ စစ်ခေါင်းဆောင်နှင့် ဒုတိယအကြိမ်တွေ့ဆုံ

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုဖြင့် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယအကြိမ် တွေ့ဆုံမှုအတွက်"ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA/မိုင်းလား) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တာဝန်ရှိသူများ ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန် သည်။

ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့တွင် UWSA အဖွဲ့၏ ဒုဥက္ကဋ္ဌ ဖြစ်သူဦးလော့ယာကု၊ NDAA အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် SSPP အဖွဲ့မှဒုဥက္ကဋ္ဌ - (၂) စပ်ခွန်ဆိုင် ဦးဆောင်သည့်အဖွဲ့များသည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံပြီးဖြစ်ကြောင်းသိရသည်။

“ ဒီနေ့တော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးဖွဲ့လုံးနဲ့တွေ့တာဖြစ်ပါတယ်” ဟု UWSAလားရှိုးမြို့ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက မဇ္ဈိမကို ပြောသည်။

စစ်ခေါင်းဆောင်နှင့်တွေ့ဆုံပြီးဖြစ်သော်လည်း ဆွေးနွေးပွဲ၏ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးပေ။

စစ်ကောင်စီဥက္ကဋ္ဌနှင့် ယခု ဆွေးနွေးမှုမတိုင်မီ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက “ဝ” ထိန်းချုပ်ဒေသဖြစ်သည့် ပန်ဆန်းမြို့တွင် မြောက်ပိုင်းမဟာမိတ် (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ မိုင်းလား-အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကိုးကန့်-မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရှမ်းပြည်တပ်မတော် (SSPP / SSAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် တအာန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တွေ့ဆုံခဲ့ကြသည်။

စစ်ကောင်စီက ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ယခုလို မှတ်ချက်ပြုပြောကြားသည်။

“ငြိမ်းချမ်းပြီးသား စစ်ရေးပဋိပက္ခမရှိတဲ့ NCA သဘောတူလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ပြီးပြောနေတာ။ ဒီအဖွဲ့တွေက ထူးပြီးတော့ ငြိမ်းချမ်းစရာမရှိပါဘူး။ ဘာကြောင့်လည်းဆိုရင် စစ်ရေးပဋိပက္ခမှမရှိတာ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မေလ ၂၀ ရက်နေ့က စတင် ပြုလုပ်နေခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဒုတိယအကြိမ်မြောက် ထပ်မံတွေ့ဆုံနေခြင်း ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...