ဝိုင်းမော် အထက (၁) ကျောင်းအနီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည့် နေရာအား သက်ဆိုင်ရာမှ သွားရောက်ရှင်းလင်း

ဝိုင်းမော် အထက (၁) ကျောင်းအနီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည့် နေရာအား သက်ဆိုင်ရာမှ သွားရောက်ရှင်းလင်း

မူးယစ်ဆေးဝါးတွေ ရောင်းဝယ်သုံးစွဲမှုတွေ ရှိနေတဲ့ ဝိုင်းမော်မြို့ အထက (၁) ကျောင်းရှေ့ပန်းခြံအနီး တစ်ဝိုက်ကို  ယမန်နေ့ စက်တင်ဘာလ (၂၄) ရက်နေ့ မနက် (၆) နာရီလောက်မှာ ဝိုင်းမော်မြို့ သက်ဆိုင်ရာ ဌာနအသီးသီးကသွားရောက် ရှင်း လင်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ၊ မီးသတ်ဌာနက တာဝန်ရှိသူတွေ၊ လဝက ကတာဝန်ရှိသူတွေ၊ စစ်သားတွေနဲ့ မြို့ခံ ရပ်မိရပ်ဖတွေ ပူးပေါင်းပြီးလာရောက်ကာ ရှင်းလင်းရေးလုပ်သွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“သူတို့က ဒီမှာ ဆေးထိုးအပ်တွေကောက်တယ်၊ အမှိုက်တွေဘာတွေ၊ ညာတွေရှင်းလင်းတယ်။ ပေါင်းရှင်းတယ်။အဲဒီလိုလုပ်ပြီးမှ စာသားလာကပ်ကြတယ်။”လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီနေရာဟာ ညအချိန်တွေသာမက နေ့ခင်းတွေအထိ နေ့စဉ် မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ ရောင်းဝယ်သူတွေဟာ သူတို့ရဲ့ ဈေးကွက်နေရာကဲ့သို့ အသုံးပြုလာခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုနေကြတာပါ။

မြစ်ကြီးနားသတင်းဂျာနယ်က စက်တင်ဘာလ (၂၃) ရက်နေ့မှာ ဝိုင်းမော်မြို့၊ အ.ထ.က (၁) ကျောင်းအနီး ပန်းခြံနဲ့ညောင်ပင်အောက်မှာ မူးယစ်ဆေးသုံးစွဲသူနဲ့ ရောင်းချသူတွေဟာ နေ့စဉ်စုဝေးပြီး ရောင်းဝယ်သုံးစွဲတာတွေများပြားလာလို့ မြို့ခံတွေ စိုးရိမ်နေကြတယ်ဆိုတဲ့သတင်း ဖော်ပြခဲ့ပြီးတဲ့နောက် နောက်တစ်နေ့မှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေက လာရောက်ရှင်းလင်းမူတွေလုပ်  ဆောင် ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါအပြင် ပြည်သူတွေကို ကာကွယ်ရမယ့် ရဲတွေကိုယ်တိုင်က သူတို့သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲသူတွေနဲ့ရောင်းချသူတွေကို ပြန်လည်ရောင်းချတာတွေ ပြုလုပ်နေတယ်လို့ ပြောဆိုနေကြတဲ့ အပေါ်မှာလည်းစစ်ဆေးသိရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဆိုပါတယ်။

“အခုလိုအချိန်မှာ လာဘ်ပေး၊ လာဘ်ယူပြုလုပ်နေတဲ့သူတွေလည်း တချို့ရှိတယ်။ အဲဒါတွေကိုလည်း အရေးယူတဲ့ဟာရှိတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်တာတွေကိုလည်း ဌာနဆိုင်ရာအရ၊ ဌာနအတွင်းက ဥပဒေချိုးဖောက်တာတွေ အရေးယူရတဲ့ဟာတွေအများကြီးရှိတယ်။ အဲဒါမျိုးကိုကျွန်တော်တို့သိရင်တော့ အားလုံးအရေးယူတာပဲ၊ မသိတဲ့ဟာကြတော့ ဒါတော့လည်း မတတ်နိုင်ဘူးပေါ့၊”လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်တာတွေ ပိုမိုများပြားလာပြီး ဝိုင်းမော်မြို့မှာလည်း လူနေရပ်ကွက်တွေ အများသူငါ သွားလာတဲ့ လမ်းမတွေမှာပါ ပေါ်ပေါ်ထင်ထင် သုံးစွဲနေကြတာလည်း ဖြစ်ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...