တိုက်ပွဲများကြောင့် ကျောက်တော် စကခ (၉) အတွင်းစိုက်ပျိုးထားသည့်စပါးဧက ၂၀၀ ခန့်ကို ရိတ်သိမ်းမည့်သူမရှိဖြစ်နေ၍ တပ်အနီးရှိမူဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူ၍ ရိတ်သိမ်းရန်ပြောကြား

တိုက်ပွဲများကြောင့် ကျောက်တော် စကခ (၉) အတွင်းစိုက်ပျိုးထားသည့်စပါးဧက ၂၀၀ ခန့်ကို ရိတ်သိမ်းမည့်သူမရှိဖြစ်နေ၍ တပ်အနီးရှိမူဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူ၍ ရိတ်သိမ်းရန်ပြောကြား

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ စကခ (၉) အတွင်းစိုက်ပျိုးထားသည့်စပါးဧက ၂၀၀ ခန့်ကို တိုက်ပွဲများကြောင့် ရိတ်သိမ်းပေးမည့်သူ မရှိဖြစ်နေသဖြင့်   ဝိုင်းကူရိတ်သိမ်းပေးရန် တပ်အနီးရှိ မူဆလင်အုပ်ချုပ်ရေးမှူးအချို့အား စစ်တပ်ကခေါ်ယူ ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါတပ်အနီးရှိ မူဆလင်ကျေးရွာများဖြစ်သည့် ရတနာပုံ၊ ခေါင်းတုတ်၊ ပလောင်၊ အလယ်ကျွန်းနှင့် စံကားတောင်စသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို စက်တင်ဘာလ ၂ဝ ရက် နံနက် ၈ နာရီခွဲတွင် စကခ (၉) သို့ဝင်သည့်ဂိတ်ဝသို့ ခေါ်ယူကာ ဗိုလ်ကြီးတစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် မူဆလင်ရွာသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

“၁၁ လပိုင်းမှာ ကျနော်တို့ကို အကူအညီပေးရမယ်လို့ ပြောပါတယ်။ သူတို့ရဲ့ စပါးတွေကို ရိတ်သိမ်းဖို့လေ။ အဲဒါတော့ ကျနော်လည်း လုပ်အားပေးနိုင်မယ်လို့ ကျနော်မပြောနိုင်သေးဘူးလို့။ အဲဒါက ရပ်မိရပ်ဖနဲ့ ဆိုင်ပါတယ်လို့။ အဲဒီအချိန်မှာ ရပ်မိရပ်ဖက သဘောတူမယ်ဆိုရင်တော့ လုပ်အားပေးနိုင်မယ်၊ မဟုတ်ရင် ကျနော် မပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်”ဟု ပြောသည်။

ယခုနှစ်တွင် စကခ (၉) ဧရိယာအတွင်း ဧက ၂ဝဝ ခန့် စပါးစိုက်ပျိုးထားခြင်းဖြစ်ပြီး ယင်းစပါးများကို လာမည့် နိုဝင်ဘာလအတွင်း ရိတ်သိမ်းရမည် ဖြစ်နေရာ တိုက်ပွဲများကြောင့် ရိတ်သိမ်းရန် အခက်အခဲဖြစ်နေသည်ဟု သိရှိရသည်။

“တိုက်ပွဲတွေဖြစ်နေတယ်။ လက်နက်ကြီးကျည်တွေကျနေတယ်။ မိုင်းတွေပေါက်ပြီး လူတွေသေနေတယ်။ ဘယ်သူသွားလုပ်ရဲမလဲ။ အခုကျနော်တို့လည်း ကူညီနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

၎င်းခေါ်ယူသည့် စစ်ကောင်စီ ဗိုလ်ကြီးဖြစ်သူမှာ သူတို့ စပါးအား ကူညီရိတ်သိမ်းပေးလျှင် စစ်တပ်ကလည်း မူဆလင်ကျေးရွာများအား ပြန်ကူညီပေးမည်ဖြစ်ကြောင်း၊ ၎င်းအကူအညီများအထဲတွင်  ကျန်းမာရေးနှင့် ပတ်သက်ပြီး အသွားအလာများခွင့်ပြုပေးမည်ဖြစ်သလို  ရွာတွင် စားဝတ်နေရေးအခက်ခဲ၊ ကျန်းမာရေးအခက်အခဲ တစ်ခုခုဖြစ်လျှင် သူတို့ အနေဖြင့် နည်းနည်းပါးပါး ကူညီပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ လက်တွေ့တွင် ကူညီပေးမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

၁ဝ မိနစ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ၎င်းဗိုလ်ကြီးဖြစ်သူနှင့် အပြန်အလှန် ပြောဆိုခဲ့ကြပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများသည်လည်း နေရပ်ရွာသို့  အသီးသီး ပြန်လာခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် စကခ (၉) တပ်အနီးတွင် စစ်ဇက်ရေယာဉ် ၂ စီးသည် စက်တင်ဘာလ ၁၉ ရက် ညနေပိုင်း၌ ရက္ခိုင့်တပ်တော် (AA) ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးနောက် လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်သံများကို ဆက်တိုက်ကြားနေရသဖြင့် လူထုအတွင်း စိုးရိမ်မှုမြင့်တက်နေချိန်တွင် ၎င်းနေရာများသို့ သွားရောက် စပါးရိတ်သိမ်းရန် မဖြစ်နိုင်ဟု ၎င်းတို့က ပြောကြားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...