စစ်တွေ ကျေးတောပိုက်ဆိပ်နှင့် ကျေးတောရွာမကို ညဉ့်အချိန် စစ်ကောင်စီတပ်မှ ဧည့်စာရင်းစစ်ပြီး လူ ၂၇ ဦးကိုရှာဖွေ

စစ်တွေ ကျေးတောပိုက်ဆိပ်နှင့် ကျေးတောရွာမကို ညဉ့်အချိန် စစ်ကောင်စီတပ်မှ ဧည့်စာရင်းစစ်ပြီး လူ ၂၇ ဦးကိုရှာဖွေ
ပုံဟောင်း/ယခင်က စစ်တွေတွင် စစ်တပ်ကကင်းလှည့်နေသည့်ပုံ
ပုံဟောင်း/ယခင်က စစ်တွေတွင် စစ်တပ်ကကင်းလှည့်နေသည့်ပုံ

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့ ညဉ့်အချိန်တွင် အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ် ကျေးတောရွာမနှင့် ကျေးတောပိုက်ဆိပ်ရွာကို ဝင်ရောက် ဧည့်စာရင်းစစ်ဆေးကာ လူ ၂၇ ဦးကို ရှာဖွေခဲ့သည်ဟု သတင်းရရှိသည်။

ကျေးတောပိုက်ဆိပ်ရွာကို ည ၁၀ နာရီ ၃၀ မိနစ်တွင်လည်းကောင်း၊ ကျေးတောရွာမကို ည ၁၂ နာရီ ၄၆ မိနစ်တွင်လည်းကောင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး လူ ၂၇ ဦးကို ရှာဖွေခဲ့သည်ဟု ကျေးတောရွာသား တစ်ယောက်မှ ပြောသည်။

“ သူတို့ ဧည့်စာရင်းစစ်တဲ့ အခါ မေးတာကတော့ အိမ်မှာ မိသားစုတွေရှိ၊ မရှိဆိုတာမေးတယ်။ နောက်ပြီး တော့လူတွေကိုမေးတယ်။ လူ ၂၇ ဦးကို လက်မခံနဲ့။ တကယ်လို့ပြောမရရင် စစ်တပ်ကိုဖုန်းဆက်ဆိုပြီး ပြောသွားတယ်။ နောက်ပြီး ဟို ၂၇ ယောက်ကိုရှာပြီး ရအောင်ဖမ်းမယ်။ မရရင် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို ခေါ်သွားမယ်လို့လည်း ခြိမ်းခြောက်သွားတယ်” ဟု ၎င်းကပြောဆိုသည်။

သူတို့ရှာဖွေသည့် လူ ၂၇ ယောက်ကို သူတို့မှာပါသော စာရင်းဖြင့် လာရောက်ရှာဖွေခြင်းဖြစ်သော်လည်း ၎င်းတို့မှာ မည်သူမည်ဝါဖြစ်သည်ကို ပြောဆိုသွားခြင်းမရှိဟု အဆိုပါရွာသားမှပြောသည်။

ဧည့်စာရင်းစစ်ရာတွင် ကျေးတောရွာမမှ အုပ်ချုပ်ရေးမှူး၊  ရာအိမ်မှူး၊ ကျေးတောပိုက်ဆိပ်မှ ရာအိမ်မှုး တစ်ဦးတို့လည်း ပါဝင်ကြောင်းရွာသားများမှ ပြောသည်။

စစ်ကောင်စီတပ်သားများမှာ လူ ၂၇ ဦးကို လိုက်ရှာခဲ့ခြင်းဖြစ်ပြီး  သူတို့ကို မဖမ်းမိလျှင် ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးကို ခေါ်ယူသွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သဖြင့်  ရွာသားများအနေဖြင့် စိုးရိမ်စရာဖြစ်နေရသည်ဟု ကျေးတောပိုက်ဆိပ်မှ ဧည့်စာရင်း စစ်ဆေးခံခဲ့ရသူ တစ်ဦးက ပြောဆိုသည်။

“ဧည့်စာရင်းစစ်တာပါ။ လမ်းမတလျှောက်က အိမ်တွေကို စစ်ခဲ့ပါတယ်။ အဖမ်းအဆီးတော့မရှိဘူး။ လူ ၂၇ ယောက်ကို ရှာတယ်လို့တော့ ပြောတယ်။ ဘာကြောင့် ရှာတယ်၊ စစ်တယ်ဆိုတာလည်းတော့ မသိဘူး။ အခုလူတွေက အလိုလိုနေရင်း စိုးရိမ်နေရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များမှာ ကျေးတောရွာမမှ အိမ် ၁၀၀ ခန့်နှင့် ကျေးတောပိုက်ဆိပ်မှ နေအိမ် ၁၀၀ ကျော်အပါအဝင် စုစုပေါင်း အိမ်ခြေ ၃၀၀နီးပါးကို စစ်ဆေးခဲ့သည်ဟု သိရသည်။

ကျေးတောပိုက်ဆိပ်မှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး စစ်တွေ-ရွှေမင်းဂံဆင်းလမ်းဘေးတွင်ရှိကာ ကျေးတောရွာမမှာလည်း အိမ်ခြေ ၁၀၀ ကျော်ရှိပြီး စစ်တွေမြို့ ဆပ်ရိုးကျချောင်း တစ်ဘက်ကမ်းတွင် တည်ရှိသည်ဟု သိရသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...