KNLA-PC, DKBA ခေါင်းဆောင်များ စစ်ခေါင်းဆောင်နှင့်ထပ်တွေ့ဆုံရန်သွားရောက်မှုအပေါ် ဝေဖန်မှုများရှိနေ

KNLA-PC, DKBA ခေါင်းဆောင်များ စစ်ခေါင်းဆောင်နှင့်ထပ်တွေ့ဆုံရန်သွားရောက်မှုအပေါ် ဝေဖန်မှုများရှိနေ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒုတိယအကြိမ် တွေ့ဆုံရန် ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ငြိမ်းချမ်း ရေးကောင်စီ (KNU/KNLA-PC) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိနေသည့်အပေါ် ကရင်လူမှုအသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများရှိနေကြသည်။

ကိုရီးယားနိုင်ငံရောက် ကရင်အမျိုးသားတစ်ဦးက "တစ်တိုင်းပြည်လုံး မီးလောင်တိုက်သွင်း၊ မွမွကြေအောင် ဖျက်ဆီး နေတဲ့သူနဲ့ ဘာမှဆွေးနွေးစရာ မလိုပါ။ အခွင့်အရေးလိုချင်လို့ ချည်းကပ်တယ်လို့ပဲ ထင်ပါတယ်။ အခုလို လုပ်ခြင်းအား ဖြင့် ဝါးစည်းလိုပြေနေတဲ့ ကရင့်အဖွဲ့အစည်းအနေအထားကို ကရင်လူမျိုးတစ်ယောက်အနေနဲ့ ရှက်မိပါတယ်။ BGF လို အခွင့်အရေးယူခဲ့ရင် တစ်နေ့ ပြည်သူရဲ့ဒဏ်ခတ်မှုကို ခံရမှာဖြစ်ပါတယ်။ မအလဟာ တနေ့တခြား အကြပ်အတည်း တွေ့နေပါပြီ။ နေရာရှုထောင့်ပေါင်းစုံမှာ ခက်ခဲနေပါပြီ။" ဟု ၎င်း၏ခံစားချက်ကို ကေအိုင်စီသို့ ပြောသည်။

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ဆိုကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို ၎င်းကိုယ်တိုင်တွေ့ဆုံဆွေးနွေး မည်ဟု ပြီးခဲ့သည့်မေလတွင် မိန့်ခွန်းပြောကြား ဖိတ်ခေါ်ခဲ့သည်။

စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်အရ မေလမှစ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော KNU/KNLA-PC နှင့် DKBA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့နှင့် အပစ်ရပ် NCA မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၃ဖွဲ့က သွားရောက် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

"ဒီအချိန်မှာ သူတို့တတ်နိုင်သလောက် သွားမတွေ့တော့ရင် အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ မအလက ပြည်သူအပေါ်၊ တိုင်းပြည်အပေါ်သစ္စာဖောက်ဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်တာမကတော့ဘဲ တိုင်းပြည်ပျက် သုဉ်းရေးအထိတောင် လုပ်ဆောင်နေပြီး ကမ္ဘာက စောင့်ကြည့်နေရတဲ့အထိဖြစ်နေပြီ။ ပီစီနဲ့ ဒီကေဘီအေ တို့က ဆက် ပြီး မအလနဲ့ လက်တွဲမယ်ဆိုရင် ရှေ့ဆက်အနာဂတ်မှာ မအလလို နိုင်ငံတကာ အရေးယူခံရနိုင်တယ်။ ကရင်လူမျိုးအ တွက် မကောင်းဘူး။" ဟု ဖာပွန်ဒေသရှိ ဘာသာရေးခေါင်းဆောင်တစ်ဦးကလည်း မှတ်ချက်ပြုပြောဆိုသည်။

ဒု-ဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး ဦးဆောင်သည့် KNU/KNLA-PC ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး ဦးဆောင်သည့် DKBA ကိုယ်စားလှယ်အဖွဲ့တို့သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စများကို ဆွေးနွေးသွားမည်ဟု စစ်ကောင်စီ၏မီဒီယာတွင် ဖော်ပြထားသည်။

လက်ရှိ နိုင်ငံရေး အခင်းအကျင်းအပေါ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအချို့က စစ်ခေါင်းဆောင် မင်းအောင် လှိုင်နှင့် သွားရောက်တွေ့ဆုံမှုနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူများက အမျိုးမျိုး ဝေဖန်ထောက်ပြလျက်ရှိ သည်။

သို့သော် စစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံမှုသည် လတ်တလော ဖြစ်ပေါ်နေသာ မြန်မာ့နိုင်ငံရေး အကြပ်အ တည်းကို ဖြေရှင်းနိုင်ရန်အတွက်ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းကို အဆက်မဖြတ်သင့်ကြောင်း KNU/KNLA PC အတွင်းရေးမှူး ဗိုလ်မှူးစောကျော်ညွန့်က ပြီးခဲ့သည့် ဩဂုတ်လ ၂၉ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုခဲ့သည်။

ထို့အတူ DKBA အနေဖြင့်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးအကြပ်အတည်းများကို လက်နက်ကိုင် ပဋိပက္ခလမ်းစဉ်ဖြင့် မဖြေရှင်းလိုသည့်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရခြင်းဖြစ် သည်ဟုလည်း အဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောစိန်ဝင်းကလည်း ပြောဆိုထားသည်။

ဖားအံမြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက "သူတို့ဘက်က တော်လှန်ရေးအင်အားစု ဘက်တစ်ဖက်တည်းကို ပြတ် ပြတ်သားသား ရပ်တည်ဖို့က စိတ်ဆန္ဒတွေရှိနေနိုင်ပေမယ့် လက်တွေ့အခြေအနေအရ အဲလိုဆုံးဖြတ်လိုက်ရင် ဖြစ် ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲကို ငဲ့ညှာပြီး စကစနဲ့ အဆင်ပြေအောင်ပဲ ပေါင်းပြရတဲ့ သဘောလို့မြင်တယ်။ သိပ်ပေါင်း ချင်လွန်းလို့ ပေါင်းနေတာထက် ရွေးချယ်စရာတွေက လက်တွေ့မှာ အဲလောက် မရိုးရှင်းနေလို့လည်း ဖြစ်နိုင်တယ်။"ဟု ဆိုသည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် မည်သည့်ကရင်အဖွဲ့အစည်းကမျှ ကရင်ပြည်နယ်သားများ၊ ကရင်လူ ထုများ ဒုက္ခရောက်ကာ ပြေးလွှားနေရသည်ကို မြင်ချင်ကြမည်မဟုတ်ကြောင်း၊ လက်ရှိရွေးချယ်မှု မှန်ကန်ခြင်း၊ မမှန် ကန်ခြင်း၊ အကောင်းဆုံးဖြစ်ခြင်း မဖြစ်ခြင်းထက် ၎င်းတို့အဖွဲ့အတွက် လက်တွေ့ကျခြင်းကိုသာ အခြေခံထားသည်ဟု မြင်ကြောင်း၊ ဝေဖန်မှုများကြားက ၎င်းတို့၏အကျိုးစီးပွားများကို အထိုက်အလျောက် ကာကွယ်နိုင်ရန် စစ်ကောင်စီနှင့် တွေ့ဆုံပြောဆိုရေးကို ရွေးချယ်လိုက်ခြင်းဟု ရှုမြင်ကြောင်းလည်း သူမက ဆက်လက်ပြောဆိုသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကမူ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအပေါ် အခြေခံ၍ စစ်ကောင်စီခေါင်း ဆောင်မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် လက်မခံသဖြင့် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ ကြောင်း အဖွဲ့၏ပြောခွင့်ရသူ ပဒိုစောတောနီးက ဩဂုတ်လ ၂၄ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုထားခဲ့သည်။

(KNU/KNLA-PC)အဖွဲ့သည် ပြီးခဲ့သည့် မေလ ၂၆ရက်မှ ၂၈ရက်နေ့အထိလည်းကောင်း၊ DKBA အဖွဲ့သည်လည်း ဇွန်လ ၁၉ရက်မှ ၂၁ရက်နေ့အထိလည်းကောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ၏ အမျိုး သားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ပထမအကြိမ် တွေ့ဆုံခဲ့ကြသည်။

DKBA ခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံရန် လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင် DKBA ဌာနချုပ် နယ်မြေ ဆုံဆည်းမြိုင်နှင့် လေးဝေါ် (တောင်နီ) ကျေးရွာများတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းနှစ်ကြောင်းပါ စစ်အင် အား(၃၀၀)ခန့် ဝင်ရောက် နေရာယူထားသဖြင့် နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ရေးတင်းမာနေပြီး စက်တင် ဘာ ၁၄ရက် ယနေ့တွင် ပစ်ခတ်မှုများ ဖြစ်ပွားလျက် ရှိသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...