အောင်လံမြို့နယ်တွင် MEC သံမဏိစက်ရုံအတွက် မြေဧက ၈၀ နီးပါးကို ကာကွယ်ရေးဝန်ကြီးဌာန သိမ်းယူ

အောင်လံမြို့နယ်တွင် MEC သံမဏိစက်ရုံအတွက် မြေဧက ၈၀ နီးပါးကို ကာကွယ်ရေးဝန်ကြီးဌာန သိမ်းယူ

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ အမှတ်(၁) သံမဏိစက်ရုံ (ကျောက်စွယ်ကျိုး) မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေဧရိယာ ၇၈ ဒသမ ၇၄ဧက ကို စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် (၆၅၃/၂၀၂၂) ကို ထုတ်ပြန်ပြီး သိမ်းယူလိုက်ကြောင်း သိရသည်။

၁၈၉၄ခုနှစ်၊ မြေသိမ်းအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁) အရ အောင်လံမြို့နယ်၊ ငါ့ပြင်း၊ ကွမ်းလောင်း၊ မြင်းကပိုင် ကျေးရွာအုပ်စုရှိ ကွင်းပေါင်း ရှစ်ကွင်း၊ ဦးပိုင်ပေါင်း ၇၇ခု၊ မြေဧရိယာ ၇၈ ဒသမ ၇၄ဧကကို အများပြည်သူအကျိုးငှာ အလိုရှိကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကြေညာခဲ့ခြင်းဖြစ်သည်။

အမိန့်ကြော်ငြာစာ ထုတ်ပြီးနောက် ၁၅ ရက်ကုန်ဆုံးသည့်အခါ အဆိုပါမြေကို သိမ်းယူပြီး အမှတ် (၁) ၊ သံမဏိစက်ရုံ (ကျောက်စွယ်ကျိုး) အဖြစ် အသုံးပြုရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟုလည်း ပါရှိသည်။

မြေသိမ်းရာတွင် မြေသိမ်းအက်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (၁) အရနှင့် မြေသိမ်းအက်ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ (၁) နှင့် (၃) တို့ကိုလည်း ရည်ညွှန်းဖော်ပြထားသည်ကို တွေ့ရသည်။

ပုဒ်မ ၁၇၊ ပုဒ်မခွဲ (၁) တွင် အရေးပေါ်ကိစ္စများအတွက် အစိုးရက ညွှန်ကြားသည့်အခါ ကော်လိတ်တော်အရာရှိသည် ယင်းသို့သော လျော်ကြေးငွေကို သတ်မှတ်ပေးရခြင်းမရှိသည့်တိုင်အောင် အများပြည်သူ အကျိုးစီးပွား ကြံရွယ်ချက်အတွက် (သို့မဟုတ်) ကုမ္ပဏီတစ်ခုအတွက် မြေလွတ်မြေလပ် (သို့မဟုတ်) စိုက်ပျိုးထွန်ယက်နိုင်သော မြေတစ်စုံတစ်ရာကို ပုဒ်မ ၉၊ ပုဒ်မခွဲ (၁) တွင် ဖော်ပြထားသည့်အတိုင်း နို့တစ်ကြော်ငြာစာကို ထုတ်ပြန်ပြီးနောက် ၁၅ ရက် မြောက်သောနေ့တွင် လက်ရောက်ရယူနိုင်သည်။ ယင်းမြေသည် အစိုးရအတွက် နှောင့်ယှက်ခြင်း၊ ဝန်တင်ခြင်းကင်းစွာ ရရှိရမည်ဟု ဖော်ပြထားသည်။

အမှတ် (၁) သံမဏိစက်ရုံ (ကျောက်စွယ်ကျိုး) ကို ၁၉၉၇ ခုနှစ်ခန့်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခင်က အဆိုပါ စက်ရုံမြေနေရာအတွက် ကားလမ်းနှင့် မီးရထားလမ်း ဖောက်လုပ်ရန် လယ်ယာမြေများကို လျော်ကြေးပေးအပ်ခြင်းမရှိဘဲ သိမ်းယူခဲ့သည့်အတွက် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် တောင်သူများက လျော်ကြေးရရန် တိုင်ကြားသည့် ဖြစ်စဉ်များရှိခဲ့သည်။

ထို့နောက် စက်ရုံဘက်က ၂၀၁၈ ခုနှစ် မေလအတွင်းတွင် လယ်တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်းနှုန်း၊ ယာတစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် မြေသိမ်းခံခဲ့ရသည့် တောင်သူများထဲမှ တောင်သူ ၉၀ ကျော်ကို ဒုတိယအကြိမ်အဖြစ် လျော်ကြေးပေးအပ်မှု ပြုလုပ်ခဲ့သည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် မြေသိမ်းမှုပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့ပြီး မြေယာပြဿနာများကို ဖြေရှင်းဆောင်ရွက်ခဲ့သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...