အမ်းမြို့တွင် ရခိုင်ရဲအရာရှိတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

အမ်းမြို့တွင် ရခိုင်ရဲအရာရှိတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့တွင် ရခိုင်လူမျိုးရဲအရာရှိ တစ်ဦးကို  စစ်ကောင်စီ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးထားသည်ဟု သိရသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူမှာ အမ်းမြို့မရဲစခန်းမှ ဒုတိယရဲစခန်းမှူး အသက် ၄ဝ ကျော်အရွယ် ရဲအုပ်သက်လှိုင်ဖြစ်သည်။

သူ့ကို ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက် နံနက် ၁ဝ နာရီခန့်တွင် စရဖက ဖုန်းဖြင့်လှမ်းခေါ်သည့်အတွက် သွားရောက်ခဲ့ရာမှ ဖမ်းဆီးကာ စစ်ဆေးခံနေရခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၁၁ ရက် မွန်းတည့်ပိုင်းအထိ ပြန်လွတ်မြောက်လာခြင်းမရှိသေးဟု အမ်းမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

“စစ်ဆေးစရာရှိတယ်။ လာခဲ့ဦးဆိုပြီးတော့ စရဖက ဖုန်းနဲ့ လှမ်းအကြောင်း ကြားပြီး ခေါ်သွားတာ။ လာပြီးတော့ ဖမ်းသွားတာတော့ မဟုတ်ဘူး။ ဘာတွေကို စစ်ဆေးဖို့ခေါ်လဲ။ ဘာကြောင့် ဖမ်းဆီးထားလဲတော့ မသိရဘူး”ဟု ၎င်းက ပြောသည်။

အမ်းမြို့မရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်သက်လှိုင်သည် အမ်းမြို့နယ်၊ ရေမသိမ်ကျေးရွာမှ ရခိုင်အမျိုးသားဖြစ်သည်ဟု သိရသည်။

သူသည် အမ်းမြို့မရဲစခန်းအနီး အမှတ် (၅) ရပ်ကွက်ရှိနေအိမ်တွင် မိသားစုနှင့်အတူ နေထိုင်သူလည်းဖြစ်သည်။

သူဖမ်းဆီးစစ်ဆေးခံနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးလှသိန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

ပြီးခဲ့သည့်စက်တင်ဘာလ ၆ ရက်ကလည်း အမ်းမြို့နယ်၊ မွှားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီတင်မောင်၊ ညောင်ချောင်းကျေးရွာမှ ပန်းချစ်သူ ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းအောင်နှင့် နောက်ထပ် တန်းတင်ကျေးရွာသား တစ်ဦးတို့ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) က တွေ့ဆုံ မေးမြန်းစရာရှိသည်ဟုဆိုပြီး ခေါ်ယူဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒေသခံများက ပြောသည်။

သူတို့ ၃ ဦးကိုလည်း ယနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးသလို မိသားစုနှင့်လည်း တွေ့ခွင့်မပေးသေးဟု ဒေသခံများက ပြောသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...