စစ်တွေမြို့တွင် ပစ်ခတ်ခံရပြီးသေဆုံးသွားသူ ရဲအုပ်သိပ္ပံအလောင်းကို ဆရာဝန်စစ်ဆေးပြီးနောက် ရင်ခွဲရုံသို့ပို့ဆောင်

စစ်တွေမြို့တွင် ပစ်ခတ်ခံရပြီးသေဆုံးသွားသူ ရဲအုပ်သိပ္ပံအလောင်းကို ဆရာဝန်စစ်ဆေးပြီးနောက် ရင်ခွဲရုံသို့ပို့ဆောင်

ယနေ့ ညနေ ၆ နာရီခွဲခန့်တွင် စစ်တွေမြို့  ပြည်သူ့ဆေးရုံကြီးအနီး ရင်ခွဲရုံရှေ့ မီးပွိုင့်တွင် ဆိုင်ကယ်ဖြင့် စောင့်နေစဉ်  သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားသူ ရဲအုပ်သိပ္ပံ၏ အလောင်းကို ဆရာဝန် စစ်ဆေးပြီးနောက် ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ပြီဟု သတင်းရရှိသည်။

သေဆုံးသူ ရဲအုပ် သိပ္ပံသည် စစ်တွေအမှတ် (၁) ရဲစခန်း နယ်ထိန်းရဲအုပ်အဖြစ် တာ၀န်ထမ်းဆောင်နေသူဟု သိရသည်။

အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသူ အမည်မဖော်လိုသူတစ်ဦးက'' ဒီနေ့  ၆နာရီ ခွဲလောက်က မီးပွိုင့်ကို ဖြတ်ဖို့ ဆိုင်ကယ်နဲ့ မိသားစု ၃ ဦး စောင့်ဆိုင်းနေစဉ် အနီးကပ်သေနတ်နဲ့ ပစ်သွားခဲ့တာလို့ သိရပါတယ်။ သေနတ်ပစ်သံ ကြားတော့ လူတွေက ထွက်ပြေးကြတော့ ဘယ်သူ့ ပစ်မှန်းမသိဘူး။ ဦးခေါင်းမှာ သေနတ်မှန်ပြီး ပွဲချင်းပီးသေတယ်လို့ ပြောလို့ရပါတယ်။ တစ်ခါတည်း လဲကျသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်”ဟု ပြောဆိုသည်။

ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့မှာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၉ ရက် ည ၈ နာရီခန့်ကလည်း စစ်တွေမြို့မရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ကြပ်ကြီးမောင်မောင်သန်းသည် စစ်တွေမကျည်းမြိုင်ရပ်ကွက်ရှိ သူ၏ နေအိမ်အနီးတွင် အမည်မသိလူအချို့၏ ဓားဖြင့်ထိုးသတ်ခြင်းကိုခံခဲ့ရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

နယ်ထိန်းဒုရဲအုပ်သိပ္ပံ ပစ်ခတ်ခံရ၍သေဆုံးပြီးနောက် စစ်တွေမြို့ နေရာ အများအပြားတွင် စကစမှ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...