ရခိုင်ပြည်တွင် စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် လူပေါင်း ၂၀၀ ခန့်ဆန္ဒပြ

ရခိုင်ပြည်တွင် စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် လူပေါင်း ၂၀၀ ခန့်ဆန္ဒပြ

ရခိုင်ပြည်တွင် စစ်ကောင်စီစစ်တပ်က လူ့အခွင့်အရေး ချိုးဖေါက် နေမူများနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှိနာဂါဝါ အရပ်တွင် တည်ရှိသည့်  မြန်မာသံရုံးရှေ့တွင် ယနေ့  ဂျပန်စံတော်ချိန် ညနေ ၃ နာရီမှ ၄ နာရီ ၃၀ အထိ လူပေါင်း ၂၀၀ ခန့်က ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

ဆန္ဒပြပွဲကို ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ANDP-Japan)  မှ ဦးဆောင်ပြီး မဟာမိတ် ညီနောင်များဖြစ်ကြသည့် ညီညွတ်သော တိုင်းရင်းသား အဖွဲ့အစည်း (AUN)  ၊ ကရင်အဖွဲ့အစည်း (OKOJ) ၊ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆောင်ရွက်နေသော RTM မှ တက်ကြွ လူငယ်များ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

ANDP-Japan ဥက္ကဋ္ဌ ကိုသက်ထွန်းအောင်က “ စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ပြည် အတွင်းမှာ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး  ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ကျေးရွာအတွင်း လူနေအိမ်တွေနဲ့ ပရဟိတကျောင်းတွေကို မီးရှို့ခြင်းစတဲ့ စစ်ရာဇဝတ်မှုတွေကို ချိုးဖေါက်လုပ်ဆောင်နေတယ်။ ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ဖို့ ကျွန်တော်တို့ တောင်းဆိုလိုက်သလို  ဒီလုပ်ရပ်တွေ အပေါ်မှာလည်း ကန့်ကွက်ရှုတ်ချတယ်လို့  ဒီနေရာက ပြောလိုပါတယ်” ဟု ပြောသည်။

သြဂုတ်လ (၂၈) ရက်နေ့တွင် ကျေးရွာပတ်ဝန်းကျင်တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားမှုမရှိပဲ ပြည်သူများကို ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့်ပစ်ခတ်မူကြောင့် မြောက်ဦးမြို့နယ်၊ကင်းဆိပ်ရွာမှ ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး (၉) ဦးဒဏ်ရာရခဲ့သည့် လုပ်ရပ်အပေါ်လည်း ပြင်းထန်စွာကန့်ကွက်ကြောင်း ၎င်းက ပြောကြားသည်။

စစ်ကောင်စီ စစ်တပ်သည် ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့ တိုက်ပွဲများတွင် အထိနာကျဆုံးမူ များလာသည့်အတွက် ပြည်သူလူထုတိုင်းကို ရန်သူအဖြစ်သတ်မှတ်ကာ ပစ်ခတ်မူပြုလုပ်ခြင်း၊ စားနပ်ရိက္ခာဖြတ်တောက်ကာ အတိဒုက္ခကျရောက်အောင် ပြုလုပ်ခြင်း၊ သာသနိက အဆောက်အဦ များအား ကာဗာယူခြင်း၊ လူသားဒိုင်းကာအဖြစ်ဆောင်ရွက်ခြင်းတို့ အပေါ်လည်း ကန့်ကွက်ကြောင်း ANDP-Japan အထွေထွေ အတွင်းရေးမှူး ကိုအောင်ဇော်လင်းက ပြောကြားသည်။

 “ နောက်ထပ် ထပ်ပြောရရင်တော့ မြောက်ဦးမြို့မှ ရင့်ဆို့ (ခ) ဖို့လပြည့်ကို  မတရားဖမ်းဆီးထားခြင်း အပေါ်ကန့်ကွက်ပါတယ်။ ကျောက်တော်မြို့က လူမှုရေးလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် ဖမ်းဆီးထားတဲ့ အရပ်သား ပြည်သူတွေကို လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသွားခဲ့သည်။

ဆန္ဒပြပွဲတွင် မြန်မာ့တပ်မတော်၏ အကြမ်းဖက်လုပ်ရပ်များ၊ ကျူးလွန်နေသည့် စစ်ရာဇဝတ်မူများ၊ လူအခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးတို့ကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စစ်ရာဇဝတ်စောင့်ကြည့်ရေးအဖွဲ့တို့မှ မှတ်တမ်းတင်အရေးယူပေးရန်တောင်းဆိုခဲ့ကြသလို  

စစ်ကောင်စီတပ်ကိုလည်း ရခိုင်ပြည်က ချက်ချင်းထွက်ခွာပေးရန် တောင်းဆိုခဲ့ကြသည်ဟု ၎င်းကပြောဆိုသည်။

အခမ်းအနားတွင် AUN ညီညွတ်သောတိုင်းရင်းသားဥက္ကဋ္ဌ Salai Mang Man Shing ၊  ကရင်အစည်းအရုံး-ဂျပန်မှ စဟန်ဝင်းထွန်း၊ Revolution Tokyo Myanmar -RTM ကိုယ်စား ကိုဖိုးခွါး၊ တော်လှန်ရေး အင်အားစုမှ ကိုသန့်ဇော်ထက်၊ အလုပ်သမားရေးရာအဖွဲ့မှ ကိုမြင့်ဆွေ တို့မှလည်း  စစ်ကောင်စီကို အမြစ်ဖြုတ်နိုင်ရေးအတွက် အသီးသီးအမှာစကား ပြောကြားခဲ့ကြသည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...