ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်း အသတ်ခံရမှု၌ မောင်မျိုးချစ်စိုး (၂၀) နှစ်ကို သံသယဖြင့်ဖမ်းဆီးထားသော စစ်တွေမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို စိစစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့က ယနေ့ စာရေးတိုင်ကြားလိုက်သည်ဟု သိရသည်။
အဆိုပါစာကို ယနေ့ စက်တင်ဘာ ၇ ရက်တွင် စစ်တွေရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးခွဲမှတစ်ဆင့် ပေးပို့တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့မှ ဘုတ်အဖွဲ့ဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။
“ဒီကလေးကို အဲလို မသင်္ကာ၊ သံသယနဲ့ဖမ်းဆီးပြီးတော့ သူ့ရဲ့ ဘောင်းဘီတွေကိုလည်း သုတ်ပိုး တွေ့တယ်ဆိုပြီး အထက်ကို ဓာတုဗေဒ စစ်ဆေးဖို့ တင်ထားတယ်လို့ ပြောတယ်။ ဆိုတော့ တရားခံ အစစ်အမှန်ကို သိထားရဲ့သားနဲ့ မဟုတ်တဲ့သူတစ်ယောက်ကို၊ အပြစ်မဲ့တဲ့ကလေး တစ်ယောက်ကို အဲလိုအပြစ်ကျသွားမှာကို၊ နစ်နာသူအတွက် ဥပဒေ အကာအကွယ်ပေးတဲ့အနေနဲ့ အခုလို စာတင် တောင်းဆိုရတာဖြစ်ပါတယ်”ဟု ပြောသည်။
ယခုပေးပို့လိုက်သည် စာနှင့်အတူ မောင်မျိုးချစ်စိုး မိခင်ဖြစ်သူ၏ ရေးသားထားသည့်စာကိုပါ မြန်မာ့နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပူးတွဲတင်ပြခဲ့သည်ဟု သိရသည်။
မိခင်ဖြစ်သူ၏ စာထဲတွင် “ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ ဒေါ်လှသိန်းနွယ်၏ သားဖြစ်သူ မောင်မျိုးချစ်စိုးကို မနွယ်သန္တာဝင်း သေဆုံးမှုနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့က (၁၆.၈.၂ဝ၂၂) ရက်နေ့က ဖမ်းဆီးသွားကာ ညှင်းပန်းနှိပ်စက်ပြီး (၃ဝ.၈.၂ဝ၂၂) ရက်နေ့က တရားရုံးတင်စစ်ဆေးသည့်အခါ တရားသူကြီးရှေ့မှောက်မှာ သူသတ်တာ ဟုတ်ကြောင်းနှင့် အတင်းအဓမ္မ ဝန်ခံခိုင်းကြောင်း ထွက်ဆိုသည်ကို ကျွန်တော်မကိုယ်တိုင်ကြားခဲ့ရကြောင်း ဖော်ပြထားသည်။

ဩဂုတ် ၃၁ ရက်နေ့ ရုံးတင်စစ်ဆေးသည့် အခါတွင်လည်း တရားသူကြီးက “ မျိုးချစ်စိုး မင်းဘာပြောစရာရှိလဲ” ဟု ပြောကြားခဲ့ကြောင်း၊ မျိုးချစ်စိုးက “ ကျွန်တော်သည် မုသားဝါဒမသုံးပါ။ ငါးပါးသီလ အကျိုးမခံပါ။ ကျွန်တော်သူများအသက်ကို မပြောနဲ့၊ ကြက်၊ ငှက်ကိုပင် မသတ်ဖူးပါ”ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ဒေါ်လှသိန်းနွယ်၏သားဖြစ်သူ မောင်မျိုးချစ်စိုးသည် ကိုယ်ရင်လူထွက်ဖြစ်ပြီး မနွယ်သန္တာဝင်း သေဆုံးမှုတွင်လည်း ပါဝင်ပတ်သက်မှုမရှိကြောင်း တရားရုံးတွင် ထွက်ဆိုထားသည်ဟု သိရသည်။
မောင်မျိုးချစ်စိုးအား ဖမ်းဆီးစဉ်က (၅) ရက်တိုင်တိုင် ထမင်းမကျွေး၊ ရေ မတိုက်ဘဲထားကာ ညှဉ်းပန်းနှိပ်စက်ထားမှုကြောင့် နား၂ဖက်လည်း မကြားရ ဖြစ်နေကြောင်း၊ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း နာကျင်နေကြောင်း မိခင် ဖြစ်သူအား ပြောပြခဲ့ကြောင်း သူမ၏ စာထဲတွင် ရေးသားဖော်ပြထားသည်။
စစ်တွေတွင် မနွယ်သန္တာဝင်း အသတ်ခံခဲ့ရသည့် ဆိုင်နှင့် မျိုးချစ်စိုး အလုပ် လုပ်နေသည့် ဂတ်စ်ဆိုင်မှာ ဘေးချင်းကပ် ဖြစ်သည်ဟု သိရသည်။
မနွယ်သန္တာဝင်းအသတ်ခံလိုက်ရပြီးနောက် နောက်တစ်နေ့ဖြစ်သည့် သြဂုတ်လ ၁၆ ရက်တွင် ရဲတပ်ဖွဲ့က သူ့ကို သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က နိရဥ္စရာကို ပြောဆိုထားသည်။
စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းပေါ်ရှိ "Luminous/Lifeguard” ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်အရောင်းအဝယ်ဆိုင်၌ အလုပ်လုပ်နေသည့် မနွယ်သန္တာဝင်းကို သြဂုတ်လ ၁၅ ရက် ညနေပိုင်းက ဝမ်းဗိုက်၌ ဓားထိုး ဒဏ်ရာအပြင် လည်ပင်း၌ညိုမဲဒဏ်ရာများဖြင့် သေဆုံး၍ တွေ့ရှိခဲ့သည်။
မနွယ်သန္တာဝင်းအသတ်ခံရမှုကိစ္စကို ရဲတပ်ဖွဲ့နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့က စုံစမ်းဖော်ထုတ်လျက်ရှိရာ မနွယ်သန္တာဝင်းအသတ်ခံရမှု၌ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ရရှိပြီဟု ULA က သြဂုတ်လ ၃၁ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။
ပြစ်မှုကျူးလွန်သူမှာ ဆိုင်မန်နေဂျာ ဦးမျိုးမြင့်ဇော်ဖြစ်သည်ဟုလည်း ULA ပြောခွင့်ရသူ ဦးခိုင်သုခက မီဒီယာအချို့ကို ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။
ယင်းကြောင့် ကိုမျိုးချစ်စိုးသည် အမှု၌ပြစ်မှုကျူးလွန်သူမဖြစ်နိုင်ဘဲ လူအစားထိုး တရားစီရင်ရန် အမှုဆင်ဖမ်းထားခြင်းဖြစ်နိုင်၍ ပြန်လွှတ်ပေးရန်လည်း အဆိုပါအမှုအားလိုက်ပါဆောင်ရွက်နေသည့် လူ့အခွင့်အရေးရှေ့နေက နိရဥ္စရာကိုပြောဆိုထားသည်။
သို့သော် ရဲတပ်ဖွဲ့က ကိုမျိုးချစ်စိုးကို လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့်အမှုဖွင့်ကာ စစ်တွေမြို့နယ်တရားရုံး၌ စက်တင်ဘာ ၁၄ ရက်အထိ ချုပ်ရက်ရမန် ယူထားသည်ဟု မိခင်ဖြစ်သူဒေါ်လှသိန်းနွယ်က နိရဥ္စရာကို ပြောဆိုထားသည်။







