သာယာဝတီထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ခံရသည့် ဖားအံထောင်၊ နိုင်ကျဉ်းများ ညှင်းပမ်းနှိပ် စက်ခံနေရ

သာယာဝတီထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ခံရသည့် ဖားအံထောင်၊ နိုင်ကျဉ်းများ ညှင်းပမ်းနှိပ် စက်ခံနေရ

ကရင်ပြည်နယ်၊ ဖားအံမြို့၊ တောင်ကလေးအကျဉ်းထောင်မှတစ်ဆင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ သာယာဝတီအကျဉ်း ထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားလူငယ်များမှာ ထောင်အာဏာပိုင်များ၏ ညှင်းပန်းနှိပ် စက်မှုကို ခံနေကြရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အကျဉ်းသားတစ်ဦးနှင့် နီးစပ်သူများက စက်တင်ဘာ ၆ရက်၊ ယမန်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်း ဖားအံမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား မှုများကြောင့် ဖားအံမြို့တွင် နှစ်ရှည်ထောင်ဒဏ် စီရင်ချက်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသားလူငယ်များကို ထောင် တွင်းဆူပူအုံကြွမှုများပြုလုပ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖားအံထောင်အာဏာပိုင်များက သာယာဝတီအကျဉ်း ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ၎င်းထောင်တွင် ထောင်အာဏာပိုင်များ၏ ညှင်းပန်းနှိပ်စက်မှုကိုခံခဲ့ရသည်ဟု ဇူလိုင်လအ တွင်းက ထောင်ပြောင်းရွှေ့ခံခဲ့ရသူတစ်ဦးထံမှ ကိုးကား၍ ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောပြခြင်းဖြစ်သည်။

၎င်းက “အခုက ဖားအံထောင်မှာလည်း အရမ်းကြပ်နေတယ်လေ။ အခုဖားအံထောင်မှာက ဖားအံက ထောင်သားနယ်ခံ တွေ တစ်ယောက်မှ မရှိတော့ဘူး။ အကုန်လုံး သာယာဝတီထောင်ကို ပို့ပစ်လိုက်ပြီ။ တစ်လကို (၂) ခါလောက် ပို့တယ်။ အခု နောက်ပိုင်းက သိပ်မပို့တော့ဘူး။ ဟိုရောက်တာနဲ့ ဆံပင်တွေ အကုန် ဆွဲညှပ်တယ်။ ထောင်ဝတ်စုံဝတ်ခိုင်းတယ်။ မိုးလင်းရင် ထောင်ထဲက ထုတ်လာတယ်။ ရိုက်တယ်။ ပုံစံထိုင်ခိုင်းတယ်တဲ့။ နှိပ်စက်ခံထိတာမှ ရက်ရက်စက်စက်ပဲ ရေတောင် မြိုချလို့မရဘူးတဲ့။ ဖားအံထောင်မှူးက မှတ်ချက်နဲ့ပို့လိုက်တာ ဟိုရောက်တော့ သူတို့ကိုရိုက်တာ။ သူတို့ကို ခြေကျင်းတွေခတ်ထားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အကျဉ်းထောင်ထဲတွင် ထောင်အာဏာပိုင်အကြီး အကဲများက အပြင်းအထန် ရိုက်နှက်မှုပြုလုပ်နေသလို အကျဉ်းသား မိသားစုဝင်များအနေဖြင့် ၎င်းအကျဉ်းသားများအတွက် လိုအပ်သည့် အစားအသောက်နှင့် အသုံးအစွဲပစ္စည်းများကို ပို့ပေးခွင့် မရရှိကြတော့ဘဲ အကျဉ်းသားများ၏ ရပိုင်ခွင့်များကို ပိတ်ပင်တားမြစ်ထားကြောင်းလည်း အဆိုပါနီးစပ်သူက ဆက်ပြောသည်။

ထိုသို့ ပြစ်ဒဏ်စီရင်ချက်ကျ၍ ထောင်သွင်း အကျဉ်ကျခံရသူများကို ဥပဒေအရ ရိုက်နှက်ခွင့်နှင့် ညှင်းပန်းနှိပ်စက်ခွင့် မရှိသော်လည်း အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အားလုံးနီးပါးတွင် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ခြင်းနှင့် တိုက်ပိတ်ပြစ်ဒဏ်ပေးမှုများရှိကာ အကျဉ်းသားများ အသက်သေဆုံးသည်အထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က ယခုလို ပြောသည်။

၎င်းက “အကျဉ်းထောင်လက်စွဲမှာတော့ အကျဉ်းသားတွေကို ရိုက်နှက်ခွင့်မရှိပါဘူး။ ထောင်ဥပဒေ ဖောက်ဖျက်လို့ ပြစ် ဒဏ်ပေးမယ်ဆိုရင်တောင် ပြင်းထန်စွာ ရိုက်နှက်လို့မရပါဘူး။ သို့သော် ဒီကနေ့ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ထောင်တိုင်းလိုလိုမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ထောင်ကျသူတွေကို ညှဉ်းပန်းနှိပ်စက်နေတာ ရှိပါတယ်။ အကြောင်းမဲ့ ရိုက်နှက်တာ တိုက်ပိတ်တာတွေလည်း ရှိပါတယ်။ အဓိက ထောင်ပြောင်းလာသူတွေကို အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက် မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ICRC လို အကျဉ်းထောင်များကို စောင့်ကြည့်ကူညီပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် ထောင်တွင်းဝင် ရောက် လေ့လာခွင့်မရရှိကြသလို ပြင်ပနှင့်လည်း အဆက်အသွယ် ဖြတ်တောက်ထားသောကြောင့် တချို့နိုင်ငံရေး အကျဉ်းသားများအနေဖြင့် ညှဉ်းပန်းနှိပ်စက်ခံရပြီး အသက်သေဆုံးသွားရသည့် အထိရှိကာ ယမန်နေ့တွင်လည်း ထောင် ၇နှစ် ချမှတ်ခံထားရသည့် တောင်လေးလုံးထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုအောင်ဇော်ဦး သေဆုံးခဲ့ရကြောင်းလည်း ကိုတိတ်နိုင်က ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတစ်၀ှမ်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ (၁၅,၃၅၃)ဦးရှိရာ ၎င်းတို့အနက် သေဆုံးသူ (၂,၂၆၅) ဦးအထိ ရှိနေပြီး ပြန်လည်လွတ်မြောက်လာသူဦးရေ စုစုပေါင်း (၃၀၇၉) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နောက်ဆုံးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လက ကေအိုင်စီ လက်ခံရရှိခဲ့သည့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ထံ ပေးပို့သော သာယာ၀တီ ထောင်ရောက် ဖားအံထောင် နိုင်ကျဉ်းများ၏ လက်ရေးမူစာထဲတွင် အကျဉ်းထောင်၊ အချုပ်ထောင်များရှိ နိုင်ငံရေးအ ကျဉ်းသားများအား အခြားအကျဉ်းသားဖြင့် အုပ်ချုပ်စေခြင်း၊ အခြားအကျဉ်းသားများဖြင့် ရောနှောထားရှိခြင်း၊ အခြား အကျဉ်းသားများအား နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ခိုင်းခြင်းများပြုလုပ်ကာ အကျဉ်းဦးစီးဌာနက ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်လာသည်ကို တွေ့ကြုံခံစားရပါသည်ဟု ရေးသားထားသည်။

၎င်းအပြင် တာဝန်ရှိ (ထောင်) ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လူမဆန် စွာ ညှင်းပမ်းနှိပ်စက်ခြင်း၊ လက်နက်ကိုင်ဆောင်ခြိမ်းခြောက်ခြင်း၊ သာလွန်အင်အားသုံး၍ နှိပ်စက်ခြင်း၊ ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းခြင်း၊ အတင်းအဓမ္မ ခိုင်းစေနှိပ်စက်ခြင်း၊ အခန်းကြေး၊ မိလ္လာကြေး၊ အခန်းကြေး အမျိုးမျိုးသော အခ ကြေးငွေများတောင်းခြင်း၊ တရားရုံးမှချမှတ်ထားသော အမိန့်ထက်ကျော်လွန်၍ ဥပဒေမဲ့လုပ်ဆောင်နေကြောင်း ရေးသားဖော်ပြထားသည်။

အလားတူ နိုင်ငံရေးအကျဉ်းသားများကို ဓားစာခံသုံ့ပန်းများကဲ့သို့ လုပ်ဆောင်လာကာ ICRC ကဲ့သို့သော အဖွဲ့အစည်း များနှင့် ကင်းကွာအောင် ကူကယ်ရာမဲ့သော အခြေအနေများကို ဖန်တီးပြီး လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် အကျဉ်း ထောင်များကို နှိပ်စက်ရေးစခန်းများသဖွယ် ပြုလုပ်လျှက်ရှိကြသည်ဟု သာယာ၀တီထောင်ရောက်ရှိသွားခဲ့သည့် ဖားအံ အကျဉ်းထောင်မှ နိုင်ကျဉ်းများ၏ စာထဲတွင် ဖော်ပြပါရှိသည်။

ထို့အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် "ဘယ်သို့သောအခါမှ ဒူးထောက်မည်မဟုတ်ဘဲ" တစ်နိုင်ငံလုံး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးကို ဦးတည်၍ ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက်ပေးထားပြီးဖြစ်ကြောင်းနှင့် ဖြစ်ပျက်လာသမျှ အရာအားလုံးကို ရင်ဆိုင်မည်ဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အား အသိပေးအပ်ပါ သည်ဟု စာအဆုံး၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်ပိုင်း နိုင်ငံအတွင်းရှိ အမြို့မြို့အနယ်နယ်တွင် အာဏာဖီဆန်မှု တက်ကြွလှုပ်ရှားသူများနှင့် ဌာနဆိုင်ရာအသီးသီးမှ (CDM) ပြုလုပ်လာသူ ဝန်ထမ်းများအား စစ်ကောင်စီက ဖမ်းဆီး ထောင်ချခဲ့ပြီး အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု ပုံစံမျိုးစုံဖြင့် ဆက်လက် ကျူးလွန်နေဆဲဖြစ်သည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...