စစ်တွေတွင် မူဆလင်လူငယ်တစ်ဦး ဘုမေရွာရှိ (၃၆)ရဲတပ်ရင်းရှေ့၌ပစ်သတ်ခံရဟုဆို

စစ်တွေတွင် မူဆလင်လူငယ်တစ်ဦး ဘုမေရွာရှိ (၃၆)ရဲတပ်ရင်းရှေ့၌ပစ်သတ်ခံရဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာမှ မူဆလင်လူငယ်တစ်ဦးသည် ယနေ့နံနက်က ဘုမေရွာရှိ စစ်တွေတက္ကသိုလ်နှင့် ကပ်လျက်ရှိသော အမှတ် (၃၆)ရဲတပ်ရင်းမှ ရဲသားတစ်ဦး၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံလိုက်ရသည် မျက်မြင်ဒေသခံ ဘုမေရွာသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

ပစ်သတ်ခံရသည့် မူဆလင်လူငယ်မှာ စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာမှ အသက် ၂၀ အရွယ် မောင်ဇော်မိရ်ဟူးဆောင်ဖြစ်ကြောင်း သိရသည်။

၎င်းနှင့်အတူ ဒါးပိုင်ကျေးရွာမှာ မူဆလင်လူငယ်တစ်ဦးတို့သည် ယနေ့ စက်တင်ဘာလ ၄ ရက် နံနက် ၇ နာရီခန့်က ဒါးပိုင်ကျေးရွာမှ ဘုမေကျေးရွာသို့ ဆိုင်ကယ်ဖြင့်လာစဉ်တွင် ဘုမေကျေးရွာရှိအမှတ် (၃၆) ရဲတပ်ရင်းမှ ၎င်းတို့ကို ခေါ်ယူကာ  ကိုဗစ်အပြင်ထွက်ကတ်များကို စစ်ဆေးခဲ့သဖြင့် ၎င်းတို့နှစ်ဦးမှာလည်း အဆိုပါကဒ်များကို ပြသခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် ယင်းရဲတပ်ရင်းရှိ ရဲတစ်ဦးက ၎င်းတို့နှစ်ဦးအနက် ဆိုင်ကယ်မောင်းသူ မောင်ဇော်မိရ်ဟူးဆောင်ကို သေနတ်ဖြင့်  ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း မျက်မြင်ဘုမေရွာသားတစ်ဦးက နိရဉ္စရာသို့ပြောသည်။

"သူတို့က စကားသေချာမပြောတတ်ဘူး။ သူတို့ကတ်တွေပြခဲ့တယ်။ အဲဒီ နောက် ရဲကဘာလုပ်လဲဆိုတော့ ဆိုင်ကယ်မောင်းတဲ့သူရဲ့ ပါးစပ်ဝထဲကို သေနတ်ထည့်ပြီး ဘာဖြစ်လဲမသိဘူး။ သတ်ပစ်လိုက်တယ်။ တခါတည်း အဲဒီနားမှာဆုံးသွားပါပြီ။ ပါးစပ်ကိုသေနတ်နဲ့ ပစ်တယ်ဆိုတာကတော့ ရိုင်းတဲ့လုပ်ရပ်ပါ" ဟုပြောသည်။

၎င်းနှင့်အတူပါလာသည့် အခြားမူဆလင်လူငယ်တစ်ဦးကိုလည်း ယင်းအမှတ် (၃၆)ရဲတပ်ရင်းထဲတွင် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသည့် မောင်ဇော်မိရ်ဟူးဆောင်အား ယင်းရဲတပ်ရင်းမှ ရဲကားဖြင့် ဆေးရုံကြီးသို့ပို့ဆောင်ရန် ခေါ်ယူသွားသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်ပြီး မျက်မြင် အရပ်သားပြောဆိုသလို ပါးစပ်ကို သေနတ်နှင့် တည့်ပြီး ပစ်သတ်ခြင်းဟုတ်/မဟုတ်၊ မည်သည့်အတွက်ကြောင့် ယခု သတ်ဖြတ်မှု ဖြစ်ပွားသည်ကို သိရှိလိုသဖြင့် စစ်တွေမြို့နယ် ရဲမှူးနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ နယ်လုံဝန်ကြီးကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် ယခုဖြစ်စဉ်နှင့် စစ်ကောင်စီဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

အမှတ် (၃၆) ရဲတပ်ရင်းသည် မူဆလင်များအား ကိုဗစ်အပြင်ထွက်ကတ်များကို အမြဲစစ်ဆေးလေ့ရှိသည်ဟုလည်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...