ရသေ့တောင်မြို့နယ်မှစစ်ဘေးရှောင်ဦးရေ ၇ဝဝ ကျော်ကို လောင်းချောင်းလူငယ်များအသင်းက စားနပ်ရိက္ခာများသွားရောက်ထောက်ပံ့

ရသေ့တောင်မြို့နယ်မှစစ်ဘေးရှောင်ဦးရေ ၇ဝဝ ကျော်ကို လောင်းချောင်းလူငယ်များအသင်းက စားနပ်ရိက္ခာများသွားရောက်ထောက်ပံ့

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ ကျေးရွာ ၁ဝ ရွာမှ ထွက်ပြေး လာကြသည့် စစ်ဘေးရှောင် ၇ဝဝ ကျော်အတွက် စားနပ်ရိက္ခာများကို လှူဒါန်းသည့် အဖွဲ့ (၂) ခုကိုယ်စား မေယုကမ်း လောင်းချောင်းလူငယ်များ အသင်းက သွားရောက်ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

အဆိုပါအသင်းက ယနေ့ စက်တင်ဘာလ ၂ ရက်၊ နံနက် ၇ နာရီမှစတင်ပြီး ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော ကျေးရွာများဖြစ်သည့် လောင်းချောင်း၊ သံချောင်း၊ အောင်ဆိပ်၊ ကျွဲတပင်၊ မင်းဖူး၊ ဇီးကုန်တန်း၊ သရက်ချောင်းအစရှိသည့် ကျေးရွာပေါင်း (၁၀) ရွာ၌ရှိသည့် စစ်ဘေးရှောင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်စားနပ်ရိက္ခာများကို ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက် (All Arakan Youth Organizations Network - AAYON) နှင့် Peace and Development Initiative - Khintha အဖွဲ့အစည်းများက ထောက်ပံ့ခြင်းဖြစ်ပြီး လောင်းချောင်းလူငယ်များအသင်းက သွားရောက်လှူဒါန်း ပေးခြင်းဖြစ်သည်ဟုလည်း သိရသည်။

လောင်းချောင်းလူငယ်များအသင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုဖြိုးလွင်က "ကျွန်တော်တို့က ပြီးခဲ့တဲ့ ၃ရက်ကကောက်ယူထားတဲ့ စာရင်းအရ စစ်ဘေးရှောင်လူဦးရေ ၇၅၂ ယောက်အတွက် စားနပ် ရိက္ခာထောက်ပံ့တာပါ။ လူတစ်ယောက်စီကို ဆီ ၃၀ သား။ ဆား ၆ကျပ်သား။ ဆန် ၄ ပြည်နဲ့ နို့ဆီဘူး ၄ဘူး။ ပဲ ၄ ဘူးကျစီ ထောက်ပံ့ပေးတာပါ" ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာများပြတ်လပ်နေပြီး တချို့ရွာများတွင် လူဦးရေ မမျှတနိုင်သည့်အခြေအနေများရှိ၍ တခြားကျေးရွာများသို့ စစ်ဘေးရှောင် တာဝန်ခံများမှတစ်ဆင့် ခွဲပြီးပို့ပေးနေရသည့်အခြေအနေ အခက်အခဲ များလည်း ရှိသည်ဟု သိရသည်။

ထို့အတူ စစ်ဘေးရှောင် ၅၀၀ ကျော်ခန့်မှာ နေရပ်ပြန်သွားကြပြီး ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စေတီပြင် ကျေးရွာဘက်သို့ ထွက်ပြေး လာကြသည့် ထပ်တိုးလာသည့် စစ်ဘေးရှောင်များလည်းရှိသည်ဟု သိရသည်။

"ထပ်တိုးလာတဲ့ စစ်ဘေးရှောင်တွေကိုလည်း စေတီပြင်ဘက်က အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့ပေးသွားဖို့လည်းရှိတယ်" ဟု ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည် သြဂုတ်လ ၁၃ ရက်နောက်ပိုင်း ရသေ့တောင်မြို့နယ်နှင့် မောင်တော မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေး လာကြ ခြင်း ဖြစ်သည်။

တချို့ရွာများတွင် ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များတွင် ခိုလှုံနေရပြီး ကျောင်းတက်ချိန်ဖြစ်၍ စာသင်ကျောင်းဆောင်များ၌ခိုလှုံ၍ မရကြဘဲ စားဝတ်နေရေးခက်ခဲနေသည်ဟုလည်း သိရသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...