မူဆလင် ၆၅ ဦးကို လိုက်ပါပို့ဆောင်သူ ၄ ဦးနှင့်အတူ ဧရာဝတီတိုင်းတွင်ဖမ်းဆီး၊ အစာရေစာငတ်ပြတ်လပ်၍ ၇ ဦးသေဆုံး

မူဆလင် ၆၅ ဦးကို လိုက်ပါပို့ဆောင်သူ ၄ ဦးနှင့်အတူ ဧရာဝတီတိုင်းတွင်ဖမ်းဆီး၊ အစာရေစာငတ်ပြတ်လပ်၍ ၇ ဦးသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့မှ စက်လှေတစ်စီးဖြင့်ထွက်ခွာလာသည့် မူဆလင် ၆၅ ဦးကို  လိုက်ပါပို့ဆောင်သူ ၄ ဦးနှင့်အတူ  ဧရာဝတီတိုင်းဒေသကြီးတွင် ဖမ်းဆီးမိပြီး  ယင်းအနက် မူဆလင် ၇ ဦးမှာ လမ်းခရီးတွင် အစာရေစာ ငတ်ပြတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့သည်ဟု ယနေ့ စက်တင်ဘာလ ၁ ရက်ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

ဖမ်းဆီးခံလိုက်ရသည့်  ၆၅ ဦးတွင် အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂၉ ဦးတို့ပါဝင်ပြီး သူတို့ကို ပို့ဆောင်သူ ၄ ဦးမှာ  ရခိုင်ပြည်နယ် သံတွဲ၊ မင်းပြား၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်တို့မှဖြစ်သည်ဟု ဆိုသည်။

သူတို့သည် သြဂုတ်လ ၂၉ ရက် ည ၁ဝ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဂယက်ကြီးကျွန်း (ခေါ်) ခတ္တာကျွန်း အနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့၏ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

မူဆလင် ၆၅ ဦးသည်  စစ်တွေမြို့နေ ဦးစီမန် (စိစစ်ဆဲ) နှင့် ချိတ်ဆက်ပြီး ယခု သယ်ဆောင်လာခြင်း ဖြစ်ကြောင်း၊  စစ်တွေမှ ပုသိမ်မြို့ ငွေသောင်ယံ ကမ်းခြေသို့ စက်လှေဖြင့် ပို့ဆောင်ရန် ငွေကျပ်သိန်း ၂ဝဝ ဖြင့် သဘောတူပြီး စရန်ငွေစက်လှေငှားရမ်းခ ၂၅ သိန်း လက်ခံကာ  ပို့ဆောင်ခြင်းဖြစ်ကြောင်း စက်လှေမောင်းဖြစ်သူ သံတွဲမြို့နယ် ကွင်းဝိုင်းကျေးရွာမှ ဦးကျော်ဇောလင်း (၃၇ နှစ်) အား စစ်ဆေးမေးမြန်းချက်အရ သိရသည်ဟုဆိုသည်။

သြဂုတ်လ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့မစျေးဆိပ်ကမ်း၌ သူတို့သယ်ဆောင်ကာ စစ်တွေမှ ပင်လယ်ပြင်အတိုင်း ကျောက်ဖြူ-မာန်အောင်-ငပလီ-သံတွဲတို့ကိုဖြတ်သန်းမောင်းနှင်ပြီး ရွှေသောင်ယံအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားခဲ့သည်ဟု ဆိုသည်။

သြဂုတ်လ ၂၅ ရက် နေ့လယ် ၂ နာရီတွင် ဦးစီမန်က ဖုန်းဆက်ကာ ရွှေသောင်ယံတွင် ကမ်းကပ်၍မရကြောင်း GPS ဖြင့် ပွိုင့် (၇)  ပွိုင့်ပေးပြီး မောင်းနှင်ခိုင်းသဖြင့် မောင်းနှင်ခဲ့ရာ သြဂုတ်လ ၂၆ ရက် ည ၁ဝ နာရီတွင် ကဒုံကနိကျွန်းသာယာအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားပြီး ဦးစီမန်စေလွှတ်သည့်အဖွဲ့အား စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ပေးသူ ၄ ဦးနှင့် ဖမ်းဆီးခံရသူများအား  ဥပဒေနှင့် အညီစစ်ဆေးအရေးယူနိုင်ရေး ခေတ္တထိန်းသိမ်းထားစဉ် မူဆလင်အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦးတို့သည် လမ်းခရီး၌ ရာသီဥတုဆိုးရွားမှုနှင့် အစာရေစာ ပြတ်လပ်မှုတို့ကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားနေသဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သော်လည်း မူဆလင်အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့မှာ သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဘိုကလေးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဥပဒေနှင့် အညီအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

(ဓာတ်ပုံ - ရခိုင်ပြည်ပြင်ပတွင်ဖမ်းဆီးခံရသည့်မူဆလင်များအား ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလအတွင်း အစိုးရက  ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ခဲ့စဉ်။)

April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...