စစ်တပ်က ရခိုင်ပြည်နယ်ကို အဘက်ဘက်ကပိတ်ဆို့မှုများအပေါ် တုံ့ပြန်နိုင်ရေးအတွက် စစ်ကောင်စီထုတ်ကုန်များကို သပိတ်မှောက်ရန် ဆော်သြမှုများရှိလာနေသည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်တပ်က ပြည်နယ်တွင်း ကုန်းလမ်း၊ ရေလမ်းများကိုပိတ်ဆို့ကာ အသွားအလာနှင့် စားနပ်ရိက္ခာသယ်ဆောင်မှုများကို ဟန့်တားပိတ်ပင်လျက်ရှိသည်ဟု သိရသည်။
ယင်းအပြင် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ကလေးသူငယ်များနှင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိလာနေသည်ဟုလည်း သိရသည်။
ယင်းသို့ စစ်တပ်၏လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီထုတ်ကုန်များဖြစ်သည့် Mytel ၊ အရက်၊ ဘီယာ၊ ဆေးလိပ်နှင့် အခြားလူသုံးကုန်ပစ္စည်းများအား ရခိုင်ပြည်သူတို့အနေဖြင့် မသုံးစွဲကြရန်နှင့် မိမိတို့ ရခိုင်ပြည်တွင်းဖြစ် ရိုးရာအရက်များနှင့် ဆေးလိပ်များကိုသာ သုံးစွဲကြသင့်သည်ဟု တက်ကြွလှုပ်ရှားသူများက ဆော်သြနေကြခြင်းဖြစ်သည်။
ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက် (AAYON) ကလည်း ယခုကိစ္စနှင့်ပတ်သက်ပြီး ယမန်နေ့ သြဂုတ်လ ၃ဝ ရက်တွင် သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် “အာရက္ခဒေသအတွင်းနေထိုင်ကြသော မိဘပြည်သူများအနေဖြင့် အာဏာ သိမ်းစစ်တပ်၏ စစ်အသုံးစရိတ်ကို အထောက်အပံ့ပြုသော စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝ (လုံးဝ) မသုံးစွဲကြရန်နှင့် ရောင်းဝယ် ဖောက်ကားမှုများမပြုလုပ်ကြရန် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ အလေးအနက်ထားပြီး တောင်းဆိုလိုက်သည်”ဟု ဖော်ပြထားသည်။
စစ်တပ်ထုတ်ကုန်များဖြစ်သည့် အရက်၊ ဘီယာ၊ ဆေးလိပ်နှင့် အခြားအသုံးအဆောင် ပစ္စည်းများမှရရှိလာသည့်အမြတ်အစွန်းများကို စစ်တပ်က ပြည်သူများ အကျိုးအတွက်လုပ်ပေးခြင်းမရှိဘဲ စစ်တပ်အတွက်သာ လက်နက်ဝယ်ယူခြင်းမျိုးကို လုပ်ဆောင်နေသည့်အတွက် စစ်တပ်ကို အားပေးအားမြှောက်မလုပ်သင့်၍ ယခုကဲ့သို့ ဆန့်ကျင်ကန့်ကွက်သင့်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကိုပြောသည်။
“အဓိက ပြောရမယ်ဆိုရင် စစ်တပ်အတွက်ပဲ အများကြီးပုံပြီးတော့ သုံးတယ်ပေါ့။ တချို့ဟာတွေက လက်နက်ဝယ်တာမျိုးတွေဘာတွေ အားလုံးရောက်တဲ့အပိုင်းတွေဖြစ်တဲ့အခါကျတော့ ကျမတို့က ဒီဘက်ကပြည်သူတွေသုံးငွေဟူသမျှ၊ သုံးလိုက်တဲ့ငွေတွေဟာ အားလုံး သူတို့ဆီရောက်သွားတာဖြစ်လို့ ကျမတို့က အဲဒါကို မလုပ်သင့်ဘူးပေါ့လေ။ ဘာကြောင့်လဲဆိုရင် သူတို့ကို အားပေးအားမြှောက် လုပ်နေသလို သူတို့အားကောင်းနိုင်ဖို့အတွက် ကျမတို့ဘက်ကနေပြီးတော့ တစ်ခုဖြည့်စွက် ပေးနေသလိုပုံစံမျိုး ဖြစ်နေတာဖြစ်လို့ ကျမတို့ အခုလက်ရှိ စစ်တပ်ဘက်ကထုတ်ထားတဲ့ အကုန်လုံးကိုပေါ့နော်။ Boycott လုပ်သင့်ပါတယ်ဆိုတဲ့ပုံစံမျိုးကို ကျမတို့က လေးလေးနက်နက် ရည်ရွယ်ချက်နဲ့ အခုလို ရေးသားထုတ်ပြန်ရတာဖြစ်ပါတယ်”ဟု ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်နောက်ပိုင်းမှစတင်ကာ မောင်တော၊ ရသေ့တောင်၊ တောင်ကုတ်၊ မြောက်ဦးစသည့်မြို့နယ်များတွင် တကျော့ပြန်တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု သိရသည်။
သြဂုတ်လ ၂၈ ရက် ညနေ ၅ နာရီခန့်က မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာသို့ မြောက်ဦးအခြေစိုက် အမှတ် ၃၇၇ နှင့် ၅၄ဝ တပ်ရင်းတို့က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးများပစ်ခတ်ခဲ့သည့်အတွက် အဆိုပါကျေးရွာရှိ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၆ဝ ကျော်အရွယ် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကင်းဆိပ်ကျေးရွာနှင့် ၁ဝ မိုင်ခန့်ဝေးကွာသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနှင့် ဘူးရွက်မညှိုး စသည့်ကျေးရွာများသို့လည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။
အလားတူ သြဂုတ်လ ၂၇ ရက် နံနက်ပိုင်းကလည်း မောင်တောမြောက်ပိုင်း၊ မင်းကြီးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၇၀) အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရသည်။
ယခုကဲ့သို့ ရခိုင်ပြည်သူတို့ ဒုက္ခအကြီးအကျယ်ဆိုက်ရောက်နေသည့်အတွက် စစ်တပ်ထုတ်ကုန်များကို လုံးဝ ဆက်လက်မသုံးစွဲသင့်တော့ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ တာဝန်ရှိသူက ဆက်ပြောသည်။
“အခုလက်ရှိလည်း ကျမတို့ဟာ အရမ်းကြီးကို ဒုက္ခရောက်နေတာလေ။ ရမ်းပြီးတော့ လက်နက်တွေနဲ့ ပစ်တာမျိုးတွေကိုခံရတာတွေပေါ့။ ပြည်သူတွေ သေတယ်။ အပြစ်မရှိတဲ့ကလေးတွေလည်း သေနေကြရတယ်။ သူတို့ဘက်ကတစ်ခုမှ၊ ဒီအတိုင်းပဲ တစ်ယောက်မှ ဂရုစိုက်စရာမလိုဘူးတဲ့ ဆိုတဲ့ ပုံစံမျိုးတွေကို ရမ်းသမ်းပြီးပစ်နေတာဖြစ်တဲ့ အတွက် ကျမတို့ AAYON အနေနဲ့ စစ်ကောင်စီထုတ် ပစ္စည်းတွေကို လုံးဝကြီးကို မသုံးသင့်ဘူးလို့ ပြောချင်တယ်။ ဘယ်နှစ်ရာခိုင်နှုန်း အနေနဲ့မသုံး ပါနဲ့ ပုံစံမျိုးထက် လုံးဝ လုံးဝ မသုံးသင့်လို့ ကျမအနေနဲ့မှတ်ချက်ပေးချင်ပါတယ်”ဟု ပြောသည်။
ယခုကဲ့သို့ ရခိုင်ပြည်သူတို့ ဖိနှိပ်ခံ၊ လူ့အခွင့်အရေးကျူးလွန်ခံနေရသည့်အတွက် စစ်တပ် ထုတ်ကုန်များကို တစ်ဦးတစ်ယောက်ချင်းမှ အစပြုကာ တစ်ပြည်နယ်လုံး လုံးဝ မသုံးစွဲဘဲ ကန့်ကွက်ရန်လိုအပ်လာနေပြီဟုလည်း ရခိုင်လူငယ်များက ပြောဆိုနေကြသည်။
ရခိုင်လူငယ်တစ်ဦးက “ရခိုင်ကနေ စစ်တပ်ထုတ်ကုန်ရောင်းရငွေဟာ တစ်နေ့တစ်နေ့ ကျပ်သိန်းရာနဲ့ချီ၊ ထောင်နဲ့ချီရှိနေတာကို ကျနော်တို့ ပိတ်ဆို့ပြီးတော့ အဲဒီငွေတွေကို ရခိုင်ပြည်အကျိုးအတွက် လုပ်ပေးသင့်ပါတယ်။ တစ်ယောက်ချင်းစီတိုင်း စစ်တပ်ထုတ်ကုန်တွေကို မသုံးကြဖို့နဲ့ အဲဒီထုတ်ကုန်တွေ ရောင်းတဲ့ဆိုင်တွေကလည်း ဝယ်မသုံးကြဖို့၊ မရောင်းကြဖို့ အရေးတကြီး လိုအပ်လာနေပါပြီ” ဟုလည်း ပြောသည်။
ယခုရခိုင်ပြည်တွင်လည်း ပြည်တွင်းစစ်ဖြစ်နေသည့်အတွက် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်နေသည့် ကုန်ပစ္စည်းများကို ရခိုင်ပြည်သူများက အမှုမဲ့အမှတ်မဲ့သုံးစွဲနေကြမှုကို ရှောင်ရှားရန်လိုပြီး မသုံးစွဲကြရန် ဆော်သြနေကြသည့်အဖွဲ့အစည်းများ၏လုပ်ရပ်သည်လည်း အမြော်အမြင်ရှိရှိ လုပ်ဆောင်သည့်လုပ်ရပ်ဖြစ်၍ ပြည်သူများကပါ လိုက်နာဆောင်ရွက်သင့်သည်ဟု ဦးခိုင်ကောင်းစံက ပြောသည်။
“တခြားပြည်နယ်တွေမှာပေါ့။ ဥပမာ ကချင်တို့မှာဆိုရင်လည်း သုံးစွဲတာတွေ လျော့ကျသွားပြီ။ နောက်တစ်ခါ တခြားတိုင်းတွေမှာလည်း သုံးစွဲမှုတွေလျော့ကျသွားတယ်။ သို့သော် ရခိုင်မှာက ရောင်းအားအကောင်းဆုံးဖြစ်နေတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် မသုံးတာက အကောင်းဆုံးပါ။ ဒီ ကမ်းပိန်းလှုံ့ဆော်သြနေသူတွေရဲ့လုပ်ဆောင်မှုဟာ အမြော်အမြင်ရှိရှိလုပ်ဆောင်တာဖြစ်တယ်။ သို့သော် ရခိုင်ပြည်သူတွေကပါ လိုက်ပါလုပ်ဆောင်ဖို့တော့ လိုတာပေါ့”ဟု ပြောသည်။
စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ရခိုင်ပြည်သူတို့ သပိတ်မှောက်ကြရန်လည်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏အစ်ကိုလည်းဖြစ်၊ AA ၏အဆင့်မြင့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးအေးထွန်း (ခေါ်) ထွန်းမင်းနိုင်က သူ၏ လူမှုကွန်ရက်စာမျက်နာမှတစ်ဆင့် ပြီးခဲ့သည့် မေလ ၁၇ ရက်တွင် တိုက်တွန်းရေးသားခဲ့သေးသည်။







