ရပ်တန့်နေသည့် ဆွေးနွေးပွဲများ ရှေ့ဆက်ရန် FPNCC ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ

ရပ်တန့်နေသည့် ဆွေးနွေးပွဲများ ရှေ့ဆက်ရန် FPNCC ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ
by -
သတင်းနှင့် မီဒီယာကွန်ရက်
ရပ်တန့်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်လုုပ်ဆောင်နိုုင်ရန်အတွက် တရုတ်နယ်စပ်အခြေစိုုက် မြောက်ပိုုင်းတိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC ထိပ်သီးခေါင်းဆောင်များ UWSA ဌာနချုပ် ပန်ခမ်း(ပန်ဆန်း) တွင် တွေ့ဆုံဆွေးနွေးနေကြသည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဌာနချုပ်တွင် ၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်သော PSLF/TNLA (ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/ တအားဝ်အမျိုးသား လွတ်မြောက်ရေး တပ်မတော်) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောသည်။

“အဓိက ဆွေးနွေးတာကတော့ အခုတွေ့ဆုံဆွေးနွေးတာတွေ ရပ်တန့်နေတယ်၊ ပိတ်ဆို့နေတယ်၊ အဲ့ဒါတွေက ကျနော်တို့ ဘယ်လို ကျော်ဖြတ်ကြမလဲ အဖွဲ့အစည်းအသီးသီးရဲ့ သဘောထား ကျနော်တို့ကော်မတီအနေနဲ့ ကျနော်တို့ ချထားတာက (၇)ဖွဲ့နဲ့မှ တွေ့မယ်လို့ ကျနော်တို့ ပြောထားထာလေ၊ ဆိုတော့ အခုကအစိုးရက မတွေ့နိုင်ဘူး အဲ့ဒါကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြလဲ၊ ကြားထဲမှာ ကျနော်တို့ ဘာတွေ ပြင်ဆင်မှုလုပ်နိုင်မလဲ စသည်ဖြင့် ကျနော်တို့ ညှိကြတာပေါ့။”

အစည်းအဝေးကို သြဂုတ် ၁၈ ရက်တွင် စတင်ကျင်းပသည်ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောသည်။

၂၁ ရာစု ပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကျော့ ပြီးနောက် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းကိစ္စ တွေ့ဆုံဆွေးနွေးမှုများတွင် အဖွဲ့ဝင်(၇) ဖွဲ့ ဖြင့်သာ တစ်စုတစ်စည်းတည်း တွေ့ဆုံသွားမည်ဟု ပြောဆို ထားသော်လည်း အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) မှ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် တွေ့ဆုံမည့်အရေး ကြိုးပမ်းသွားမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆက်ပြောသည်။

“အခု ကျနော်တို့ ဒီအစည်းအဝေးထဲမှာလည်း ဒီလိုပဲ အစိုးရ ဘက်က “ဝ” ဘက်ကို တွေ့ဖို့ ချဉ်းကပ် နေတဲ့ ကိစ္စတွေရှိပါတယ်။ အဲ့ဒါကို ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ၊ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ဘာတွေလုပ်ဖို့လိုမလဲ ညှိနှိုင်းဆွေးနွေးကြတာဖြစ်ပါတယ်။ သူက ကျနော်တို့ကို တဖွဲ့ချင်း ခွဲတွေ့ချင်တယ်။ သို့မဟုတ်ရင်လည်း ကျနော်တို့ကို အုပ်စုခွဲပြီး တွေ့ချင်တယ်” ဟု ပြောသည်။

အစိုးရ အနေဖြင့် FPNCC ခုနှစ်ဖွဲ့ကို ခွဲတွေ့ရန် ဆန္ဒရှိပုံရသည်ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောသည်။

“သူက ကျနော်တို့ကို ခွဲတွေ့ချင်တယ်။ ဥပမာ မြောက်ပိုင်း ကေအိုင်အေရယ်၊ ကိုးကန့်ရယ်၊ အေအေရယ် ကျနော်တို့ အဖွဲ့ရယ်ကို သက်သက်ခွဲတွေ့ချင်တယ်။ ဝ တို့ မိုင်းလားတို့ကို ခွဲတွေ့ချင်တယ်၊ စသဖြင့် ဒါက မြန်မာ့တပ်မတော် မြန်မာခေါင်းဆောင်တွေရဲ့ စဉ်းစားနည်းဟန်အတိုင်း ခွဲပြီးမှ တွေ့ချင်တဲ့ သဘောထား ဖြစ်တယ်။”

လက်ရှိအစည်းအဝေးတွင် FPNCC အနေဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးကိစ္စကို အဓိကဆွေးနွေးကြမည်ဖြစ်ပြီး တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများ၏ အခြေအနေများနှင့် ပတ်သက်၍လည်း သုံးသပ်ဆွေးနွေးသွားမည်ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော် က ပြောသည်။

သုံးရက်ကြာ ကျင်းပမည့် အဆိုပါအစည်းအဝေးသို့ FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သော ၀ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)(ကိုးကန့်အဖွဲ့)၊ ရခိုုင်တပ်မတော် (AA) နှင့် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)(မိုုင်းလားအဖွဲ့) တို့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်နေသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...