မြန်မာငွေတန်ဖိုးမကြုံစဖူးကျဆင်းလာမှုကြောင့် မြဝတီမြို့တွင် ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ဆယ်ဦးနီးပါး ဖမ်းဆီးခံရ

မြန်မာငွေတန်ဖိုးမကြုံစဖူးကျဆင်းလာမှုကြောင့် မြဝတီမြို့တွင် ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ဆယ်ဦးနီးပါး ဖမ်းဆီးခံရ

ထိုင်းဘတ်နှင့်လဲလှယ်ရာတွင် မြန်မာငွေတန်ဖိုးမကြုံစဖူးကျဆင်းလာမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ထိုင်းဘတ်နှင့် မြန်မာငွေ လဲလှယ်သည့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ဆယ်ဦးနီးပါးဖမ်းဆီးခံရကြောင်း သိရသည်။

ဩဂုတ်လ ၁၃ရက် ညနေ သုံးနာရီခွဲအချိန်က မြဝတီမြို့၊ အမှတ် ၁ ချစ်ကြည်ရေး တံတားအနီး ကြံခင်းလမ်းကိုလုံခြုံရေးတပ်ဖွဲ့များမှ အင်အားဖြင့် ဝင်ရောက်လာကာ ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူများကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ညနေပိုင်းပဲ ဝင်ဖမ်းသွားတာ လူအင်အားတော့ တော်တော်များများပဲ။ ရဲ၊ စစ်သား၊ အုပ်ချုပ်ရေးပိုင်းနဲ့ စည်ပင်ကလည်းပါတယ်။ အနောက်မှာ စစ်ကားလည်းပါတယ်"ဟု ၎င်းက ပြောသည်။

ဘတ်ငွေဈေးများကို အပြင်ဈေးသတ်မှတ်ကာ ‌ဈေးကစားနေသည်ဟု ပြောဆိုပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ဖမ်းဆီးရာတွင် ထိုင်းဘတ်ငွေ၊ မြန်မာငွေ လက်ကျန်များ၊ ငွေရေတွက်သည့်စက်များ နှင့် ဖုန်းများကိုပါ သိမ်းဆည်းသွားခဲ့ကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများတွင် တရားမဝင် လုပ်ကိုင်နေသူများသာမက တရားဝင် လိုင်စင်ဖြင့် လုပ်ကိုင်သူများလည်း ပါကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားသည့်နေရာကို မသိရှိရသေးဘဲ ဖမ်းဆီးခံရသူများနှင့်လည်း အဆက်သွယ်မရသေးကြောင်း သိရသည်။

ငွေလဲလုပ်ငန်းလုပ်ကိုင်သူများ ကိုဖမ်းဆီးခဲ့ပြီးနောက် မြဝတီမြိူတွင် ငွေလဲလုပ်ငန်းတစ်ချို့ ရပ်နားထားကြောင်း သိရသည်။

ယမန်နေ့တွင် ထိုင်း ၁ ဘတ် မြန်မာငွေ ၈၆ ကျပ် ၂၀ ပြားအထိ အနိမ့်ဆုံးသို့ စျေးထိုးကျခဲ့ကြောင်း နယ်စပ်ကုန်သည်များထံမှသိရပြီး မီးလင်းရွှေတစ်ကျပ်သား ကျပ် ၂၈ သိန်း၊ အမေရိကန် ၁ ဒေါ်လာ ဗဟိုဘဏ် ၂၁၀၀ ကျပ်နှင့် ပြင်ပပေါက်စျေး ၂၈၀၀ ကျပ်အထက်ရှိကြောင်း သိရသည်။

August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...